Monday, March 28, 2011

After earthquake

ငလျင်ပြီးတော့ အပျက်အစီးတွေရှင်းလင်းကြရပါတယ်။ ငိုသူတွေလည်းကြာရှည်မငိုနိုင်ကြတော့ပါဘူး။ ဆက်လက်ရှင်သန်ဖို့ လှုပ်ရှားရုန်းကန်ကြရပါတယ်။ အပျက်အစီးတွေကို ယန္တယားကြီးတွေ အကူအညီနဲ့ စတင်ဖယ်ရှားနေပါပြီ။ တာလေတံတားနဲ့ လမ်းအက်ကွဲတာကတော့ ပြင်ပြီးသွားပါပြီ။
မနေ့ကသွားရင်း ရိုတ်လာခဲ့တဲ့ မှတ်တမ်းလေးပါ။


နောက် မေးလ်ကို လှူဒါန်းချင်လို့ပါဆိုပြိး ဆက်သွယ်လာကြတဲ့သူများအတွက် အောက်က အကောင့်မှာ လှူနိုင်ပါပြီ။

Bank      - SIAM COMMERCIAL BANK PUBLIC COMPANY LIMITED. THAILAND.
NAME    - MISTER U MYINT LWIN
A/C No. - 636-215770-1

အဲဒီအကောင့်ကို မည်သည့်နိုင်ငံကဆို ငွေလွှဲလို့ရပါတယ်တဲ့။ ဘဏ်မှာစုံစမ်းပြီးပါပြီ။

မြန်မာပြည်ကဆိုရင်တော့-

ကိုစိုးလင်းရီ
မှတ်ပုံတင်အမှတ် - ၈/စတရ(နိုင်) ၀၀၀၂၃၆
ကမ္ဘောဇဘဏ်ခွဲ၊ တာချီလိတ်မြို့။

ဆိုရင်ရပါတယ်။

တာလေ မိုင်းလင်း မှတ်တမ်း(28.3.11)

     မနေ့က ဟိုတယ်က ဆရာသမားတွေနဲ့ အလှူခံရရှိတဲ့ ငွေသားနဲ့ ပစ္စည်းတွေ တာလေ ကယ်ဆယ်ရေးစခန်းမှာ သွားဖြစ်ခဲ့တယ်။ လမ်းမှာ သွားရင်းနဲ့ တစ်နိုင်တစ်ပိုင်လှူဖို့သွားတဲ့သူတွေ အဖွဲ့အစည်းနဲ့ သွားတဲ့သူတွေ တော်တော်များများတွေ့ခဲ့ရပါတယ်။ တချို့ကို ကယ်ဆယ်ရေးမှာ လှူကြပြီး တချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ကို တိုက်ရိုက်သွားလှူကြတာတွေ့ရပါတယ်။


တချို့ကသုံးဘီးဆိုင်ကယ်(ဒီကအခေါ် ဆမ်လော့)၊ တချို့က ထော်လာဂျီ၊ တချို့က ကား အဆင်ပြေသလို သွားလှူနေကြပါတယ်။ သွားလှူတဲ့ ယာဉ်တွေကို လမ်းအသုံးပြုခ တိုးဂိတ်ကြေး အခမဲ့ပါ။ စစ်ဆေးရေးဂိတ်တွေကလည်း လိုအပ်သလို ကူညီပေးကြပါတယ်။ 



တာလေ ကယ်ဆယ်ရေးစခန်းပါ၊

ကုန်တင်ကုန်ချအလုပ်သမားတွေပါ။ သူတို့လည်း လုပ်အားဒါန ကူညီပေးကြပါတယ်။ နားရတယ်မရှိပါဘူး။



လာလှူတဲ့ ပစ္စည်းတွေကို စနစ်တကျ အပ်နှံရပါတယ်။





ယန္တယားကြီးတွေ အသုံးပြုပြီး အပျက်အစီးတွေကို ဖယ်ရှားနေပါပြီ။

မိုင်းလင်းဆရာတော်ကျောင်းက စေတီပါ။ အသစ်ပြန်တည်မှရပါတော့မယ်။
 ခုပြိုကျနေတာကတော့ မိုင်းလင်းဆရာတော် အမြဲသီတင်းသုံးတဲ့ကျောင်းပါ။ ဆရာတော် တရားထိုင်နေတုန်းမှာ စိတ်မှာ တစ်မျိုးဖြစ်တာနဲ့ ကျောင်းပြင်ထွက် စင်္ကြန်လျှောက်ပါတယ်။ အဲဒီ အခိုက်မှာပဲ ငလျင်ကြီး လှုပ်လိုက်တာ ပြိုကျသွားတော့တာပဲ။
"ဓမ္မောဟဝေ ရက္ခတိ၊ ဓမ္မစာရိံ"  
တရားစောင့်သောသူကို တရားက ပြန်စောင့်ရှောက်တယ်။ လို့ အဓိပ္ပါယ်ရပါတယ်။
မြတ်စွာဘုရားဟော မှန်တဲ့အကြောင်း သက်သေထူသလိုပါပဲ။

ငလျင်ဒဏ်ကို ဥတည်ဘွားကြီးလည်းရင်ဆိုင်ရတာပါပဲ။ :P


 ထူးဆန်းတာက အဲဒီ မိုင်းလင်းကျောင်းထဲက ဓမ္မာရုံကြီး မျက်နှာကျတချို့ကွာကျတာကလွဲလို့ ဘာမှမဖြစ်ဘူး။ 


စမ်ချောင်းနဲ့ တောင်ကျချောင်းရေတွေတော့ ပြန်ကြည်လင်လာတဲ့အတွက် ရေအတွက် အဆင်ပြေသွားပါပြီ။



တာလေတံတားကတော့ ယာဉ်ကြီး/ငယ် မရွေး သွားလာလို့ရပါပြီ။ လမ်းအက်ကွဲသွားတာတွေလည်း ကောင်းသွားပါပြီ။
ရာသီဥတုကတော့ မိုးတွေအုံ့ပြီး အေးစိမ့်စိမ့်ပါ။ အနွေးထည်ဝတ်တာတောင် နည်းနည်းချမ်းသလိုပါပဲ။ မိုးကတော့ တစ်ပေါက်နှစ်ပေါက်လောက်ပဲ ကျပါတယ်။ တော်သေးတာပေါ့ ထပ်မရွာချတာ...။

Sunday, March 27, 2011

earthquake (ကျကူနီ)

မနေ့က နေ့လယ်ပိုင်းလောက် ကျကူနီမှာလည်း ငလျင်ဒဏ် ခံရတယ်ကြားလို့ သွားခဲ့ပါတယ်။ တစ်ခေါက်မှလည်း မရောက်ဖူးတော့ ဟိုမေး ဒီမေးနဲ့ ရမ်းသန်းသွားခဲ့ရပါတယ်။ အရင်က ကားလမ်းရှိပေမယ့် အခု လမ်းကတော်တော်ဆိုးပါတယ်။ (4×4) ကားများသာ ခက်ခက်ခဲခဲသွားလို့ရပါမယ်။ မိုးရွာထားတော့ ကားတော့တော်တော်ခက်ခဲစွာ မောင်းရပါမယ်။ အဆင်မသင့်ရင် ချောက်ထဲ ကားကျနိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ဆိုင်ကယ်နဲ့ဆိုတော့ ပြဿနာကြီးကြီးမားမား လမ်းမှာ မတွေ့ရပါဘူး။ သုံးလေးခါလောက် ဆိုင်ကယ်လဲတာပဲ ရှိပါတယ်။ :P
သွားတာက နှစ်ယောက်ဆိုတော့ ဆိုင်ကယ်ကို ရွံ့ဗွက်ထဲမှာ မနည်းထိန်းမောင်းရပါတယ်။ နောက် စမ်းချောင်း လေးငါးခါလောက်ဖြတ်ကျော်ရပါတယ်။ ရေသိပ်မနက်ပေမယ့် ကျောက်တုံးတွေကြီးလို့ ဆိုင်ကယ်စီး မရပဲ မနည်းတွန်းရပါတယ်။ ဒီလိုနဲ့ ညနေ ၅ နာရီ ခွဲလောက်မှာ အဲဒီရွာကိုရောက်ခဲ့ပါတယ်။
အဲဒီ လယ်ကွဲတွေထဲမှာ အက်ကြောင်းကြီး တောက်လျှောက်ရှိတယ်။


 တချို့နေရာတွေက အက်ကွဲနေတာ တောက်လျှောက်ပါပဲ။


တချို့နေရာကတော့ နိမ့်ဆင်းသွားတယ်။



ရွာလယ်မှာ အဲလို မြေကြီးတွေအက်သွားတာ ရွာခါးလည်လောက်တောက်လျှောက်ပဲ...



ဘုရားဝတ်ပြုဆုတောင်းပွဲလုပ်နေတုန်း ငလျင်လှုပ်တာကြောင့် အဲဒီဘုရားကျောင်းမှာ 22 ယောက် ပွဲချင်းပြီးပါပဲ။

တချို့နေရော ပြိုကျနေပြီး
တချို့နေရာက ခုံးတက်လာတယ်။

              အဲဒီရွာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ သွားလှူမယ့်သူတွေ မရောက်တဲ့နေရာပါ။
စစ်တပ်က လာလှူသွားတဲ့ ရေသန့်ဘူးနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေပဲ တွေ့ခဲ့ရပါတယ်။
ဒဏ်ရာပြင်းတဲ့  57 ယောက် တာချီလိတ်ဆးရုံတင်ထားရပါတယ်။ တနေ့က တစ်ယောက်ထပ်မံ ဆုံးသွားပါတယ်။ နောက် အဲဒီရွာက Epicenter နဲ့ သုံးမိုင်လောက်ပဲဝေးတော့ သူတို့ပြောတဲ့ မြေကြီးအော်သံ (တော်လဲသံ) ခဏခဏကြားရပါတယ်။ ကျွန်တော်တို့ ရောက်တုံး တစ်ခါကြားရပါတယ်။ ကြက်သီးထစရာ အသံကြီးပါ။ လူမမာ ညဉ်းသံ အကြီးစားနဲ့ တူတယ်လို့ပြောရင်ရမယ်ထင်ပါတယ်။ ခုမှ အဲလို အသံမျိုးကြားဖူးတော့ မနှိုင်းပြတတ်ပါဘူး။ ကြောက်စရာကောင်းတာတော့ တော်တော့ကို ကြက်သီးထပါတယ်။ အဲဒီအသံကြားတော့ သူတို့ မျက်စိမျက်နှာပျက်သွားကြပါတယ် ။ နောက်  ပြောသေးတယ် "လာတော့မယ်တဲ့.." ။ ပြောပြီး ခဏချင်းပဲ တစ်ချက်သိမ့်ကနဲ့ လှုပ်သွားပါတယ်။ ငငလျင်အကင်းမသေသေးပါဘူး။ ကျွန်တော်တို့ကတော့ သိပေမယ့် သူတို့ကတော့ သူတို့ရွာ မြေကြီးထဲရောက်တော့မယ်လို့ ယုံကြည်နေကြပါတယ်။ အဲလို အသံက ခဏခဏကြားရတော့ သူတို့ စိတ်ခြောက်ခြားတာဖြစ်ပါတယ်။ ရွာထဲမှာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ လူကြီး နှစ်ယောက် သုံးယောက်ပဲ ရှိနေတာတွေ့ရပါတယ်။ 
        အခြေအနေမေးကြည့်တော့. . .  ရွာကလူတွေက တချို့က ဆေးရုံစောင့်၊ တချို့က တခြားရွာမှာသွားနေကြပြီး တချို့က တောင်ယာတဲ၊ တောထဲမှာ သွားနေကြတယ်လို့ ပြောပါတယ်။ ရွာထဲမှာ မနေရဲကြတော့ပါဘူး။ တကယ့် သုသန်တစပြင်လို ပါပဲ တိတ်ဆိတ်နေပါတယ်။ 
     ကပ်ဆိုးကြီးကလည်းကြုံ ၊ ဗဟုသုလည်းနည်းပါး၊ အသိပညာလည်းမရှိတော့ သူတို့ ဆောက်တည်ရာမရ ဖြစ်နေတာကို သနားသွားပါတယ်။ ရှင်းပြပေမယ့်လည်း နားဝင်မည့်ပုံမပေါ်ပါဘူး။ အဲလိုနဲ့ မှောင်လာတာနဲ့ ကျွန်တော်တို့ ပြန်လာခဲ့ပါတယ်။ အပြန်မှာတော့ ရွံ့ဗွက်ထဲ ကျလို့ နှစ်ယောက်သား မနည်းပြန်ထပြီး ဆိုင်ကယ်ကို ဗွက်ထဲကထမ်းထုတ်ခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ ညရှစ်နာရီကျော်နေပြီ...။




Saturday, March 26, 2011

earthquake Tarlay & MongLin Video Clips

မနေ့က ထပ်သွားပါတယ်။ ထိုင်းက ရေသန့်သူဌေးတစ်ယောက် ဆေးဝါး၊ စားစရာနဲ့ရေသန့်ဗူးတွေ သွားလှူချင်တယ်ဆိုလို့ လိုက်ပို့တာပါ။ စိတ်မကောင်းစရာ သနားဝမ်းနည်းစရာတွေပဲ မြင်တွေ့ခဲ့ရပါတယ်။
လက်လှမ်းမှီသလောက်ရိုတ်လာခဲ့တာပါ။ အခုသူတို့ လိုအပ်တာက ရေပါပဲ။ အဲဒီဒေသက ရေတွင်းတွေ၊ စမ်းချောင်းတွေ အာလုံး နောက်သွားတဲ့အတွက် သောက်ရေ၊ သုံးရေ ခက်ခဲသွား ပါတယ်။ တောင်ပေါ်စမ်းရေသွယ်ထားတဲ့ပိုက်တွေလည်း ပြတ်တောက်သွားတဲ့အတွက်လည်း  ပါပါတယ်။ ရေတွင်းတစ်ချို့က ရေတွေက အမဲရောင်ဖြစ်နေပါတယ်။ အချို့တွင်းတွေက ဆီတွေ ဝေ့ပါတယ်။
သူတို့ အဓိကထားတောင်းတာကတော့ ရေပါပဲ။ 
နောက်လိုတာက မိုးကာ(သို့) ရွက်ဖျင်တဲပါပဲ။
သူတို့ပြောကြပါတယ်။ 
"တောင်းရတာ အရမ်းအားနာပါတယ်...တဲ့။ ဘယ်လိုမှ မတတ်နိုင်လို့ သူများဝေတာ ယူရပါတယ်...။" 
 လို့ပြောကြပါတယ်။ ပစ္စည်းတွေ သွားဝေတော့ ရပီးတဲ့လူက ရပြီးပီ လို့ပြောပါတယ်။ တော်တော်များများ တန်းစီပြီးရပ်စောင့်ကြပါတယ် ။ လုယက်ယူတာမျိုးတော့ မရှိပါဘူး။
ဒါပေမယ့် တချို့က ကားပေါ်ကနေ ကျဲချတာတော့ရှိပါတယ်။ မြင်ရတာ စိတ်မချမ်းသာပါဘူး။ အမှန်က ကိုယ်က သွားလှူတာဖြစ်တဲ့အတွက် အလှူခံပုဂ္ဂိုလ်ကို ရိုသေလေးစားစွာလှူမှ ကိုယ်ဒါန အကျိုးများပါတယ်။ ပစ်ပေးတော့ ဒါနမြောက်တော့ မြောက်ပါတယ်။ ဒါပေမယ့် အကျိုးမှာတော့ သူများပစ်ပေးမှ ကိုယ်လည်းရတတ်ပါတယ်။ ဒါကြောင့် ရိုသေ လေးစာစွာ ပေးပါ။ ဖြစ်နိုင်ရင် ကားပေါ်ကဆင်းပြီး ဖိနပ်ချွတ်ပီး လက်နှစ်ဖက်နဲ့ကိုင်ပြီး ပေးပါ။ စိတ်ထဲမှာလည်း ၀မ်းသားကြည်နူးနေပါ။ ကြက်သီးထအောင် ၀မ်းသာပီတိဖြစ်ပီဆို ပိုကောင်းပါတယ်။  ဒါဆို သေချာပီ ဒီအလှူ (၇)ရက်၊ (၇)လ၊ (၇)နှစ်အတွင်း အကျိုးပေးတော့မယ်။
 ကယ်ဆယ်ရေးစခန်းတွေကို ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့လို ကွင်းပြင်တွေမှာ မိုးကာတဲထိုးပီး ဖွင့်ထားပါတယ်။ တပ်မတော်သားတွေ၊ ကြက်ခြေနီတွေ၊ ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဆောက်လုပ်ရေးတွေ၊ ရဲတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊  Volunteer အဖွဲ့တွေ စသည်ဖြင့် အဖွဲ့လိုက် အလှည့်ကျ ကူညီပေးနေကြပါတယ်။

 ဒီဒဏ်ရာတွေလောက်ကို ဆေးရုံဆေးခန်းမပြကြတော့ပါဘူး။
အတင်းလှုယက် တာတော့ လုံးဝ မရှိပါဘူး။ ရပြီးတဲ့သူက ပြန်သွားပါတယ်။
 မိုင်းလင်းက ပြိုကျတဲ့အိမ်တစ်အိမ်ပါ။ အဲဒီ အိမ်ကလူတွေတော့ သေတာမရှိဘူးလို့ပြောပါတယ်။ အနည်းငယ်လောက်ပဲ ဒဏ်ရာရပါတယ်တဲ့။
 အဲဒီလို ရွက်ဖျင်တဲတွေ အများကြီးလိုအပ်နေပါသေးတယ်။ အခုဆို မိုးတွေရွာနေပါပီ။

 တာလေတံတားကတော့ အပေါ်မှာ သံဗေလီတံထားတစ်ခု ထပ်ဆင်နေပါပြီ။ အဲဒါမှ ယာဉ်ကြီးတွေ သွားလို့ရမှာပါ။
 သူတို့ပြောပါတယ်။ "အခုလိုတောင်းယူရတာ .. အရမ်းအားနာပါတယ်တဲ့...။"
 လောလောဆယ်တော့ ဖြစ်သလိုပဲ နေကြပါရတယ်။

လှူဒါန်းလိုသူများ soelintck@gmail ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

မနေ့ညက 3း00 နာရီကျော်လောက်ထင်ပါတယ်။ နည်းနည်းလှုပ်ပါတယ်။ ဒီနေ့ (27.3.11) နံက် 07း05 နာရီလောက်က မိုးခြိမ်းသံလို မြည်ပြီး ခပ်ပြင်းပြင်းတစ်ချက် ထပ်လှုပ်သွားပါတယ်။ အိမ်ပေါ်နေသူများ အောက်ကိုဆင်းပြေးကြရပါတယ်။ ဟိုမှာတော့ ဘယ်လောက်လှုပ်လဲ မသိရသေးပါ။ ပြိုခါနီး အဆောက်အဦးများ ထပ်ပြိုနိုင်ပါတယ်။

Friday, March 25, 2011

Earthquake Tarlay (တာလေငလျင်)

ဒီငလျင်ဟာ တာလေအနောက်ဖက် (၉-၁၀)မိုင် လောက်က မြေအောက် (10 Km)  ၆မိုင်လောက်မှာ ဗဟိုပြုလှုပ်တာဖြစ်တယ်လို့ USGS ကပြောပါတယ်။ မြန်မာသတင်းတွေမှာတော့ လွယ်မွေတောင်မှာ ဗဟိုပြုတာလို့ကြေငြာပါတယ်။ 
Google earth မှာတော့ တာလေ အနောက် ၉မိုင်လောက်မှာ Epicenter လို့ပြထားပါတယ်။
အထက်ကလင့်မှာငလျင်ရဲ့ အသေးစိတ်အခြေအနေကို ဖေါ်ပြထားပါတယ်။

တာလေမရောက်ခင် တွေ့ရတဲ့ လမ်းပြတ်ရွေ့ကြောင်းတွေပါ အဲလို နေရာ လေးငါးခုလောက်ရှိတယ် တာချီလိတ်နဲ့တာလေကြားမှာ .. ကားကို အရှိန်နဲ့မောင်းရင်သတိထားရပါတယ်။

တာလေတံတားချဉ်းကပ်လမ်းကတော့ မြင်ရတဲ့အတိုင်းပဲ ၄- ၅ ပေလောက်နိမ့်ကျသွားတယ်။

ကားကြီးတွေသွားလို့မရသေးဘူး၊ ကားလေးနဲ့ ကားလတ်တွေ ဆိုင်ကယ်တွေတော့ သွားလို့ရနေပီ

တစ်ထပ်တော့ မြေကြီးထဲရောက်သွားပီ


အဲဒီတိုက်က အရင်က သုံးထပ်တိုက်ကြီးပါ အခု တစ်ထပ်ပဲ မြေကြီးပေါ်မှာကျန်တော့တယ်။

ဒီအိမ်က ဆောက်ပြီးစပဲရှိသေးတယ်၊ အိမ်ရှင်တွေတောင် မနေရသေးဘူးတဲ့....


လှုပ်ခတ်မှုက ပြင်းလားမပြင်းလားမသိဘူး ဆမ်လော့(သုံးဘီး) တောင်လဲတယ်။


အနိဋ္ဌာရုံတွေပါ။
 တာလေဘုန်းတော်ကြီးကျောင်းပါ။


တာလေအထက ကျောင်းဝင်းပါ.. ကွင်းပြင်ထဲမှာပဲ နေရဲကြတယ်။


ကျောင်းဆောင်တွေလည်းပြိုပါတယ်။

ငလျင်ပြီးတဲ့အခါ တာလေချောင်ရေတွေ နောက်ကျိသွားပါတယ်။ သုံးဖို့ ချိုးဖို့ ခက်သွားပါပီ။
ငလျင်လှုပ်မယ်ဆိုရင် မိုးခြိမ်းသံလို တော်လဲသံကြီး အရင်မည်ပါတယ်။ အသံ မဆုံးခင် ငလျင်လှုပ်ပါတော့တယ်။ 24.3.2011 ည ၈း၂၅ မှာ တစ်ကြိမ်ပြင်းပြင်းထန်ထန်လှုပ်ပါတယ်။ ည ၁၀း၀၀ နာရီမှာ ထပ်မံ ပြင်းပြင်းထန်ထန်လှုပ်ပါတယ်။ အဲဒီနောက် 4-5 Magnitude လောက်ရှိတဲ့ ငလျင်ငယ်များ နှစ်နာရီ၊ သုံးနာရီတစ်ကြိမ်လောက်လှုပ်နေတာ 25.3.2011 ညနေ 5း00 နာရီလောက်အထိပါပဲ။
    ကယ်ဆယ်ရေးလုပ်ငန်းအနေနဲ့ကတော့ ဒဏ်ရာရတဲ့သူတွေအားလုံးဆွဲထုတ်ပီးသွားပါပီ၊ သေဆုံးသူတွေလည်း အားလုံးနီးပါး ထုတ်ပီးသွားပါပြီ။ အပျက်အစီးတွေကိုတော့ ငလျင်ရပ်သွားရင် စတင်ဖယ်ရှားလို့ရပါပီ။ ခုလောလောဆယ်တော့ ကွင်းပြင်ရှိတဲ့နေရာမှာ မိုးကာတွေထိုးပီးနေကြတယ်။ အခုစာရိုတ်နေချိန်မှာ မိုးဖွဲဖွဲလေးရွာနေတယ်။ သူတို့တော့ ဘယ်လိုနေကြမယ်မသိဘူး။ ရင်ထဲမှာ တော့မကောင်းဘူး။
      ဒါ တာလေမြို့နယ်ခွဲ တစ်နေရာပဲရှိပါသေးတယ်။ နားယောင်း၊ မိုင်းလင်း နဲ့ ကျကူနီရွာတွေမှာ လည်း အသေအပျောက်အပျက်အစီးရှိပါတယ်။ မိုင်းလင်းရွာမှာတော့ တာလေထက် ပိုပီး ပျက်စီးတယ်လို့ပြောပါတယ်။ ဒီနေ့ တာလေမှာပဲ အချိန်ကုန်သွားတော့ မိုင်းလင်းထိမရောက်ခဲ့ပါဘူး။

         အခုတော့ တာချီလိတ်မှာ မိုင်းဖုန်းဆရာတော်အမိန့်ရှိလို့ ဆိုလား အိမ်ရှေ့မှာ သဲကိုးပုံ၊ ရေကိုးခွက်နဲ့ ပရိတ်ချည်တွေ၊ ဖယောင်းကိုးတိုင်ကို ဆီမီးထွန်းပြီး အိမ်တိုင်းလိုလို အိမ်ရှေ့မှာ မြေစောင့်နတ်ကို ပူဇော်ကြတယ်။ ကျွန်တော်တော့ ပြုံးမိတယ်။သူတို့ကိုယ်စားသနားလို့ ... :)

ကယ်ဆယ်ရေးစခန်းတွေဖွင့်ပြီး သောက်ရေတို့ ခေါက်ဆွဲခြောက်တို့ အသားဗူးတို့ တော့ ဝေပေးနေပါတယ်။ တော်တော်များများ ကိုယ်တတ်နိုင်သလောက်သွားလှူနေကြပါတယ်။
သက်ဆိုင်ရာက လူကြီးတွေလည်း လူအား၊ ငွေအားနဲ့ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးနေကြပါတယ်။

 ခုတော့ ကွင်းပြင်ထဲမှာ မိုးကာတွေနဲ့ တဲထိုးပီးနေကြတယ်။