Saturday, September 25, 2010
မိမိကိုယ်ကို မေတ္တာပို့ရအောင်
       မိမိကိုယ်ကို မေတ္တာပို့ခြင်းသည် ပြုသင့်ပြုထိုက်သော ကိစ္စဖြစ်ပါသည်။ အခြားသူများ ကို မေတ္တာမပို့သခင် ရှေးဦးစွာ ပြုသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မေတ္တာပို့သည်ဆိုရာဝယ် မိမိ၏ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်နေမှသာ တစ်ပါးသူအား မေတ္တာဖြန့်ဝေခြင်း စစ်စစ်ဖြစ်နိုင်ပါသည်။
      မိမိကိုယ်တိုင်က လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေစဉ် သူတစ်ပါးအား မေတ္တာပို့ပါက မေတ္တာမထွက်ပဲ လောဘ၊ ဒေါသ များသာထွက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အေးချမ်းအောင် အရင်ဦးစွာ မိမိကိုယ်ကို မေတ္တာပို့သင့်ပါသည်။
အဟံအဝေရောဟောမိ    - (အကျွန်ုပ်သည် ဘေးရန်မရှိ ဖြစ်ပါစေသတည်း။)
အဗျာပဇ္ဇော ဟောမိ        - (စိတ်စိုးရိမ်ကြောင့်ကြ ဗျာပါဒမရှိ ဖြစ်ပါစေသတည်း)
အနီဃော ဟောမိ           - (စိတ်ဆင်းရဲ ငြိုငြင်ပူပန်ခြင်းမရှိသည်ဖြစ်ပါစေသတည်း)
သုခိအတ္တာနံ ပရိဟရန္မိ    - (မိမိရုပ်ခန္ဓာကိုယ်ကို စိတ်ချမ်းကြည်သာစွာ တည်ဆောက် နိုင်ပါစေသတည်း။)
ဒုက္ခမုစ္စန္တိ                     - ( ဆင်းရဲအပေါင်းမှ လွတ်မြောက်ပါစေသတည်း။)
ယထာလဒ္ဒ သမ္ပတ္တိတော  - (အကြင်ကြင်ရအပ်သော စည်းစိမ် ဥစ္စာဟူသမျှတို့သည်မကျိုး
မာဝိဂစ္ဆ န္တု                       မပေါက်၊ မပျက်မစီး တည်တံ့ ခိုင်မြဲပါစေသတည်း)
ကမ္မဿကော               - (ရှေးကယခုပြုခဲ့ဘူးသော ကံအတိုင်းသာလျှင် ရှိပါစေသတည်း)
Wednesday, September 15, 2010
ချမ်းသာသုခအမျိုးမျိုး
ချမ်းသာသုခ(၄)မျိုး ဘုရားဟောမှာရှိပါတယ်။
    (၁) ကာမသုခ
    (၂) ဈာနသုခ
    (၃) ဖလသုခ
    (၄) နိဗ္ဗာနသုခ
    ရယ်လို့လေးမျိုးရပါတယ်။ ကိလေသာကာမဖြင့် သုံးဆောင်ခံစားခြင်းကြောင့် ကာမသုခ မည်၏။ ပထမဈာန်အစ နေ၀သညာနာသညာယတနဈာန်အဆုံး၊ အလုံးစုံသော ဈာန်ချမ်းသာသည် ဈာနသုခ မည်၏။
သောတာပတ္တိဖိုလ်အစ၊ အရဟတ္တဖိုလ်အဆုံး အလုံးစုံသော ဖိုလ်ချမ်းသာသည် ဖလသုခ မည်၏။ ဒုက္ခအပေါင်း ချုပ်ရာချုပ်ကြောင်း ချမ်းသာစစ်စစ် အနှစ်ဖြစ်သော နိဗ္ဗာန်ချမ်းသာ သည် နိဗ္ဗာနသုခ မည်၏။
    ကာမချမ်းသာသည် အညံ့ဆုံး ဟီနချမ်းသာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၄င်းချမ်းသာကို ခံစားလျှင် အကုသိုလ်တရားတို့ကို ပွားများစေတတ်သောကြောင့်လည်းကောင်း၊ ယုတ်သော သောက ပရိဒေ၀စသော ဒုက္ခအပေါင်းတို့ကို ဖြစ်စေတတ်သော သဘောတို့ကြောင့်တည်း။
    ဈာန်တရားတို့၌ရှိသော ဈာနသုခ သည် အလယ်အလတ်ဖြစ်သော မဇ္ဇျိမချမ်းသာ (အလယ်အလတ်ချမ်းသာ) မည်၏။ အကြောင်းသော်ကား ကာမသုခနှင့် လောကုတ္တရာသုခ ၂-ပါးတို့၏ အကြားတွင်ရှိခြင်းကြောင့်တည်း။
ဖိုလ်လေးပါးတို့၌ရှိသောချမ်းသာသည် အမြတ်ဖြစ်သော ပဏီတချမ်းသာမည်၏။ ၄င်းဖိုလ်ချမ်းသာမှာ တပါးသောကိစ္စကိုမပြုမူ၍ တစ်နေ့ပတ်လုံး သုံးဆောင်ဝင်စား၍ နေသော်လည်း အားရရောင့်ရဲခြင်း မဖြစ်နိုင်ပဲ နေနိုင်သောကြောင့်တည်း။
ဤဋီကာအလို ချဲ့ရသော် -
    မီးသည် လောင်စာဖြင့်မရောင့်ရဲ၊
မဟာသမုဒ္ဒရာသည် မြစ်ကြီးမြစ်ငယ်တို့မှ စီးဝင်လာသော ရေတို့ဖြင့် မရောင့်ရဲ။
မင်းတို့သည် တိုင်းပြည်နယ်ပယ်တို့ဖြင့် မရောင့်ရဲ။
အလိုကြီးသော ပုဂ္ဂိုလ်တို့သည် ဥစ္စာပစ္စည်းတို့ဖြင့် မရောင့်ရဲကြကုန်။
ထို့အတူ သေက္ခပုဂ္ဂိုလ်တို့သည် နိဗ္ဗာန်ကိုအာရုံပြု၍ ဖြစ်သော မိမိတို့ ဖလသမ္မာပတ်၌ မရောင့်ရဲနိုင်ပေ။ ဤသို့ ဖိုလ်လေးပါးတို့၌ရှိသော သုခသည် သုံးဆောင်ခံစား၍ အားရရောင့်ရဲခြင်းကို မဖြစ်စေတတ်သောကြောင့် ပဏီတသုခမည်၏။
    ထို့ကြောင့် တမဂ်တဖိုလ်ရ၍ သောတာပန်အဆင့်အတန်းမျှ ရရှိပါမူ၊ မိမိကိုယ်တိုင်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံသို့ မကျရောက်တော့ပဲ ရသေ့တစ်ပါးသည် နတ်သမီး အတွေ့နှင့် ၃-နှစ်တိုင်တိုင်မေ့သည်ဆိုရသော ကာမသုခထက် အဆပေါင်းများစွာ သာလွန်မွန်မြတ်သော ဖလသုခကို အလိုရှိသလောက် ခံစားနိုင်ရာ၏။ နိဗ္ဗာန်ချမ်းသာသုခသည်ကား အထက်၌ပြဆိုခဲ့သော ကာမသုခ၊ ဈာနသုခ၊ ဖလသုခတို့ထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် လွန်ကဲမွန်မြတ် လှပေတော့၏။ နိဗ္ဗာန်သုခ ချမ်းသာနှင်တူသော သုခချမ်းသာသည် မရှိ။ ထို့ကြောင့် ဘုရားရှင်သည် နိဗ္ဗာနံ ပရမံသုခံ ဟုဟောတော်မူခဲ့လေသည်။
    ချမ်းသာလေးမျိုးထဲမှာ ကာမချမ်းသာဆိုတာ ချမ်းသာစစ်ချမ်းသာမှန် မဟုတ်ပါဘူး။ ကာမဂုဏ် အာရုံတွေကို ချမ်းသာတယ်လို့ ခံစားနေပေမယ့်လည်း အဲဒီခံစားမှုတွေဟာ ဖြစ်ပြီးပျက်တဲ့သဘော ပဲရှိတယ်။ မျက်စိတမှိတ် လျှပ်တပြက်မှာတောင် ကုဋေတစ်သိန်းကျော် ချုပ်ပျောက် ပျက်စီးနေတယ်။ အနှစ်သာရမရှိ အနိစ္စသဘောသာ ဖြစ်သောကြောင့်လည်းကောင်း၊ အဲဒီကာမချမ်းသာတွေ ခံစားစံစား နိုင်ဖို့အတွက် ပင်ပင်ပန်းပန်း ရှာဖွေနေရသောကြောင့်လည်းကောင်း၊ ဘယ်လောက်ကောင်းမွန်တဲ့ အာဟာရပဲဖြစ်ဖြစ်၊ ဗိုက်ပြည့်နေတဲ့အချိန်၊ မဆာလောင်တဲ့အချိန်မှာ သူ့အတွက်ချမ်းသာမပေးနိုင်ပါဘူး။
ဥပမာ - လူတစ်ယောက် သင်္ဘောပျက်၊ ရေမျောကမ်းတင်ဖြစ်ပြီး ကျွန်းတစ်ကျွန်းရောက်သွားတယ်။
အဲဒီကျွန်းပေါ်မှာ စားစရာ သောက်စရာ တစ်ခုမှမရှိဘူး။ ဒါပေမယ့် တောထဲတောင်ထဲမှာ အင်မတန် များပြားလှတဲ့ ရွှေချောင်းတွေတွေ့တယ်ဆိုပါတော့၊ အဲဒီရွှေချောင်းတွေက သူ့ကို ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။ လိုချင်တာက အစာအာဟာရ၊ ရနေတာက ရွှေချောင်းဆိုတော့ ဘယ်လိုမှ အချိုးမတည့်ဘူး။ ဒါကြောင့် ချမ်းသာအစစ်မဟုတ်ဘူးပြောတာပါ။ လူတစ်ယောက်ကျန်းမာရေး ချို့တဲ့ပြီး အိပ်ယာထဲ ဗုန်းဗုန်းလဲနေမယ်၊ မစားနိုင်မသောက်နိုင်ဖြစ်နေမယ်။ သူက အင်မတန်တော့ ချမ်းသာ ကြွယ်ဝတယ်ဆိုပါတော့ တိုက်တွေ၊ ကားတွေ၊ တီဗီတွေ၊ မိန်းမလှလေးတွေနဲ့ ဘယ်လိုကာမဂုဏ်တွေပဲ ဖြစ်ဖြစ် သူ့အတွက်ဘာမှအချိုးမတည့်တော့ဘူး။ ဒါကြောင့် အဲဒီကာမချမ်းသာတွေဟာ ချမ်းသာ အစစ် မဟုတ်ဘူးလို့ပြောတာပါ။
    ဒါကြောင့် တကယ်ချမ်းသာစစ်ဖြစ်တဲ့ မဂ်ဖိုလ်ချမ်းသာရအောင်သာ ကြိုးစားအားထုတ်ရမှာ သာဖြစ်ပါတယ်။ မဂ်ဖိုလ်ချမ်းသာရဖို့ကလည်း ၀ိပဿနာတရားကို အားထုတ်ရမှာဖြစ်ပါတယ်။ ၀ိပဿနာအားထုတ်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာတွေကို ပယ်သတ်တဲ့ သဘောပါပဲ။ ကိလေသာတရားတွေ ထူပြောရင် ရာသီဥတုဖောက်ပြန်မယ်။ ကပ်ကြီးသုံးပါး ဆိုက်ရောက်မယ်။ မြေဆီမြေလွှာတွေ ခန်းခြောက်မယ်။ အသီးအနှံတွေ အာဟာရမဖြစ်တော့ဘူး။ အာဟာရမဖြစ်တော့ အာဟာရတွေကို သုံးဆောင်နေတဲ့ လူတွေရဲ့ကျန်းမာရေးတွေ ချို့တဲ့လာမယ်၊ သက်တမ်းတွေလည်း တဖြည်းဖြည်း တိုလာတာပေါ့။
အကောင်းဆုံး ချမ်းသာကို ရှိနိုင်ကြပါစေ...
Thursday, September 9, 2010
ဒါန၊ သီလ၊ ဘာဝနာ
-မြတ်စွာဘုရား အဆုံးအမ၊ သာသနာ၏အနှစ်အချုပ်မှာ -
     ဒါန၊ သီလ၊ သမထ-၀ိပဿနာဟု ဆိုကြရာတွင်၊
    -ယခုဘ၀၌ပင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရက်တိုတိုနှင့် ရလိုရောက်လိုသူသည်၊ ဒါနကို ပြု၍ နေဖွယ်မရှိ၊
    -နောင် လွယ်လွယ်နှင့်နိဗ္ဗာန်ကို ရလိုရောက်လိုသူတို့မှာကား-
     ဒါနကိုလည်း ပွား၊ သီလကိုလည်း ပွား၊
- ဒါနမရှိလျှင်          - ရိက္ခာမပါသော ခရီးသွား၊
  ဒါနနည်းလျှင်        - ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူ၏။
- သီလမရှိလျှင်          - ခြေကျိုးသော ခရီးသွား၊
  သီလနည်းလျှင်        - ခြေမသန်သော ခရီးသွားနှင့် အလားတူ။
  - ၀ိပဿနာမရှိလျှင်      - မျက်စိမမြင်သော ခရီးသွား၊
- ဒါနဖြစ်စေ၊ သီလဖြစ်စေ၊ ဘာဝနာဖြစ်စေ၊ ကုသိုလ်မှန်လျှင်-
  မိမိတို့ ဆန္ဒပဏိဓိအားလျော်စွာ၊ လိုရာအကျိုးကို ပေးနိုင်၊ ရစေနိုင်၊ ရောက်စေနိုင်သည်သာ ဖြစ်ရကား။
  - နိဗ္ဗာန်ကို ရလို ရောက်လိုသူ မှန်လျှင်-
    ဒါနကို ခင်သည်၊ သီလကို ခင်သည်၊ ၀ိပဿနာကို ခင်သည်၊
    နှစ်လုပ်စာရလျှင် စားသူရှိက တစ်လုပ်ကို ပေးဝေနိုင်သည်သာလျှင်တည်း။
                        ( ဒီပဲယင်းဆရာတော် ဘုရားကြီး)