Tuesday, October 27, 2009

ညှို့ယူစွဲမက်ဖွယ် သဘာဝကျောက်ဆောင်များ

1။ Golden Rock (ကျိုက်ထီးရိုးဘုရား)


2. Delicate Arch (Utah,USA) သိမ်မွေ့သောပေါင်းကူး
( အဲလိုပြန်ရင်တော့ မလှဘူး) ဒါပေမယ့် မသိလို့ အဲလိုပဲရေးလိုက်တယ်။
ကမ္ဘာကျော် Arches National Park ပန်းခြံ ထဲမှာရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ဥတားပြည်နယ် Moab က ပန်းခြံပါ။


3. Stone Tree (Bolivia) ကျောက်သစ်ပင်





4. Mushroom Rock (Egypt) ကျောက်မှို


5.The Wave (Arizona, USA) ကျောက်လှိုင်းများ
အမေရိကန်နိုင်ငံ အရီဇိုးနာပြည်နယ်မှာရှိပါတယ်။ လှိုင်းပုံသဏ္ဍာန်တွေရဲ့အမြင့်က ပေ၃၅၀ လောက်ထိ မြင့်ကြပီး။ အလျားလိုက်ကတော့ ၆မိုင်လောက်ရှိပါမယ်။



6.Ayers Rock (Australia) ကျောက်ကြီးဧရာ
သြစတေးလျ နိုင်ငံက အကြီးဆုံး သဲကျောက်တောင်ကြီးဖြစ်ပီး ကမ္ဘာမှာလည်း အကြီးဆုံးဖြစ်ပါတယ်။  အမြင့်ပေ ၁၁၄၂ပေမြင့်ပီး အကျယ်အ၀န်း ခြောက်စတုရန်းမိုင်ရှိတာကြောင့် သဲကန္တာရထဲမှာ ထီးထီးချည်း ပေါ်လွင်ထင်ရှားနေပါတယ်။


7. Melting Shadows (Utah, USA) အရည်ပျော်နေသောအရိပ်များ




8. Split apple Rock (New Zealand) ပန်းသီးကွဲ




9. The Pinnacles (Australia)
ကျောက်ထွဋ်များ

 

10.Perce Rock (Canada)
Percé ဆိုတဲ့ရွာကလေးရဲ့ အမည်ကို အစွဲပြုခေါ်ထားတာပါ။ ကမ္ဘာမှာ အကြီးဆုံး သဘာဝ ကျောက်ခုံးကြီးဖြစ်ပါတယ်။ 
ကျောက်တန်းကြီးဟာ မီတာလေးရာကျော်ရှည်ပီး ကိုးဆယ်မီတာလောက်ကျယ်ပါတယ်။ 
အမြင့်ဆုံးနေရာကတိုင်းရင် ၈၈မီတာရှိပါတယ်။ 
ကျောက်ခုံးကြီးကတော့ ၁၅မီတာ(ပေငါးဆယ်)လောက် အ၀ိုင်းရှိပါတယ်။




forward mail ကတဆင့်ရတဲ့ ပုံလေးတွေပါ။ သူများတင်ထားပီးသားဆိုရင်လည်း ကြည့်ဖူးထပ်မံပေါ့
ခိုးကူးထားတာကတော့မဟုတ်ပါဘူးဗျာ..။ 
အင်္ဂလိပ်စာအရည်အချင်းညံ့လို့ ဘာသာပြန်အမှားအယွင်းရှိရင် Comment မှာပြင်ပေးကြပါရန်...။

ကွာဟချက်

သားရယ်.....အမေ ခုတလော ခေါင်းမူး မူးနေတယ်။ နေလို့ထိုင်လို့ မကောင်းဘူး ။ သွေးကျဆေးလည်းကုန်ပီ စားဖို့မရှိတော့ဘူး။

ဟူးးးး အမေရယ် တစ်ရက်နှစ်ရက်တော့ သည်းခံပါ။ လကုန်ရက်ဆို တော့ ပိုက်ဆံက ကုန်နေပီ။ အမေတို့က အစားမှ မဆင်ခြင်တာ ပြောရင်လည်း မစားစေချင်လို့ ထင်အုံးမယ်။ ခက်ပါတယ် အမေရယ်..။

အိပ်ယာထဲက မျက်လုံးလေး မှေးပီးကြည့်နေတဲ့အမေ ..။ ပြန်ပီး မျက်လုံး မှိတ်ကာ မှိန်းသွားပြန်သည်။ အသက် ခုနစ်ဆယ်ကျော် လေးနှစ်ထဲရောက်နေပြီ ဖြစ်တဲ့အမေ ခဏခဏ နေမကောင်းဖြစ်ပါတယ်။ နည်းနည်းတော့ စိတ်ရှုပ်သွား သလိုဖြစ်သွားသည်။ အမေနေမကောင်းဘူး ဆိုတော့ စိတ်က မရွှင်။
-------------------------------------------------------------

နင့်အဖေ... အငယ်မ ချောင်းတအားဆိုးနေတယ်။ ညကလည်း မအိပ်ရဘူး။ ရှင့်မှာတော့ တခေါခေါနဲ့ ။

စောစောစီးစီး မနက်အိပ်ယာထကာစ မိန်းမရဲ့ မြည်တွန် တောက်တီး စကား ။

ပြောရင်းဆိုရင်း ကလေးလည်း နိုးလာပီး ချောင်းတဟွက်ဟွက် ဆိုးပါတော့တယ်။ သမီးလေးက ခုမှ ခုနစ်လ ပဲရှိပါသေးတယ်။ ရွယ်တူတွေနဲ့စာရင် သေးပါတယ်။ ခန္ဓာကို ဖွံ့ဖြိုးမှုနည်းလို့ ထင်တယ်။ ဒါပေမယ့် သန်တာတော့သန်တယ်။ သူများတွေ ၀မ်းလျားမှောက်တုန်းရှိသေးတယ်။ သူကတော့ လေးဘက်သွားပီး ထိုင်နေပီ။
ချောင်းဆိုးသံ တဟွက်ဟွက် ကြားတော့ ကျွန်တော် မနေနိုင် ဆေးခန်းကို တန်းပြေးပါတော့တယ်။
ဆေးခန်းရောက်တော့ ကလေးက အေးဆေးပါ။ ဆောင်းဝင်လာပီမို့ အအေး နည်းနည်းပတ်ကာ ချောင်းဆိုးတာတဲ့။ စိုးရိမ်စရာမရှိဘူးလို့ ဆရာဝန်က ပြောမှပဲ စိတ်အေးတော့တယ်။

အိမ်ပြန်ရောက်တော့ အမေက အိပ်ယာထဲမှာ မထသေးဘူး။ ဒါနဲ့ အမေ နေမကောင်းဘူးလား လို့ မေးတဲ့အခါ -
ရပါတယ် သားရယ် အမေနေသာပါတယ်။ ခဏဆို ထနိုင်ပါပီတဲ့။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို စဉ်းစားကြည့်တယ်။ အမေ နေမကောင်းဖူး ဆိုတော့ ငွေမရှိတာ စဉ်းစားမိတယ်။
သမီးနေမကောင်းတော့ အဲဒါကိုမတွေးမိပဲ ဆေးခန်းသာရောက်သွားတယ်။
ဘာကြောင့် မိဘ နဲ့ သားသမီးကြား အဲလောက်ကွားခြားသွားရတာလဲ။
မိခင်အပေါ်ထားတဲ့ စေတနာမေတ္တာနဲ့ သမီးအပေါ်ထားတဲ့ စေတနာ မေတ္တာ ဒီလောက်တောင်ပဲ ကွာရသလား။ ဒါကိုသိပေမယ့် ဘယ်လိုမှ ညှိလို့မရပါဘူး။ အမေ့ကိုထားတဲ့အချစ်နဲ့ သမီးအပေါ်ထားတဲ့အချစ် ချိန်ခွင်လျှာက စောက်ထိုးဖြစ်နေတယ်။
မာတာပီတုဂုနောအန္တော ဆိုပီး မိဘရဲ့ကျေးဇူးဂုဏ်ပုဒ်ဟာတဲ့ မနှိုင်းယှဉ်သာအောင်ကြီးမားလွန်းတယ်တဲ့။
အဲလောက်ကြီးမားတဲ့ ကျေးဇူးရှင်ကို ဘာကြောင့် ကိုယ့်သားသ္မီးလောက် မချစ်တာလဲ။
စဉ်းစားလေလေ ကိုယ့်ကိုယ်ကို ဒေါသထွက်လေလေပါပဲ။

တွေးမိတိုင်း စိတ်မကောင်း ထပ်ကာထပ်ကာ ဖြစ်ရပါတယ်။ ဒါပေမယ့် ဒီထက်မပိုပါဘူး။ သမီးအပေါ်ထားတဲ့အချစ် လျော့မသွားပါဘူး။ ဂရုစိုက်မှု လျော့မသွားပါဘူး။

အမေနေမကောင်းလို့ ကျင်ကြီးကျင်ငယ်အိုးကို ကိုင်တွယ်ရတဲ့အခါ နှာခေါင်းရှုံ့မိပါတယ်။
သ္မီးလေး အီအီးပါလို့ ပေေ၇နေတာကိုတော့ ပြုံးပြုံးလေး ကြည့်ပီး သုတ်သင်ပေးပါတယ်။ ပီးတော့မှ ဖင်မှာ နံမနံ နမ်းကြည့်လိုက်ပါသေးတယ်။
အဲလောက်တောင် ကွာဟရသလား ချစ်ခြင်းမေတ္တာရယ်..။


မေးချင်ပါတယ်......... သင်တို့ရော ဒီလိုပဲလား?
အတ္တတစ်ယောက်ပဲ အတ္တကြီးလွန်းလို့လား?

ပြောကြစမ်းပါဗျာ...........။

Monday, October 26, 2009

ကံမျိုးလေးလီ ကံကိုယုံကြည်

ကုသိုလ် အကုသိုလ် စေတနာကို  ကမ္မ= ကံ ဟုခေါ်၏။
ကံတို့သည် ကိစ္စအစွမ်းအားဖြင့် -
ဇနကကံ
ဥပတ္ထမ္ဘကကံ
ဥပပီဠကကံ
ဥပဃာတကကံ ဟူ၍ လေးမျိုးရှိသည်။ ကိစ္စကမ္မစတုက္က ဟု ခေါ်သည်။

အကျိုးပေးသော အလှည့်အကြိမ်အားဖြင့် -
ဂရုကံ
အာသန္နကံ
အာစိဏ္ဏကံ
ကဋတ္တာကံ ဟူ၍ လေးမျိုးရှိပြန်သည်။ ပါကဒါန ပရိယာယ ကမ္မစတုက္က ဟုခေါ်သည်။

အကျိုးပေးရာကာလ၏ အစွမ်းအားဖြင့် -
ဒိဋ္ဌဓမ္မဝေဒနိယကံ
ဥပပဇ္ဖဝေဒနိယကံ
အပရာပရိယဝေဒနိယကံ
အဟောသိကံ ဟူ၍ လေးမျိုးရှိသေး၏။ ပါကကာလ ကမ္မစတုက္က ဟုမှတ်။

အကျိုးပေးရာဘုံဌာနအားဖြင့်-
အကုသိုလ်ကံ
ကာမာဝစရကုသိုလ်ကံ
ရူပါဝစရကုသိုလ်ကံ
အရူပ၀စရကုသိုလ်ကံ ဟု လေးမျိုး လည်းရှိပြန်၏။ ပါကဌာနကမ္မစတုက္က ခေါ်သည်။

ကိစ္စအစွမ်းအားဖြင့် ကံလေးမျိုး ကွဲပြားပုံမှာ...
၁။ ဇနကကံ
ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ကိုယ်တိုင်ဖြစ်စေတတ်သော ကံ။
ဇနကကံသည် ပဋိသန္ဓေအခါနှင့် ပ၀တ္တိအခါတို့၌ ၀ိပါက်စိတ်နှင့် စေတသိက်များ
ကမ္မဇရုပ်နှင့် ဥတုဇရုပ်တို့ကို ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်စေတနာကို
ဇနကကံဟုခေါ်သည်။
၂။ ဥပတ္ထမ္ဘကကံ
ဇနကကံကို အထောက်အပံ့ပြုသောကံ။ မိမိကိုယ်တိုင်ကား အကျိုးမပေးနိုင်။
တစ်ပါးသောကံကို အကျိုးပေးခွင့်ရလေအောင်၊ အကျိုးပေးသောအခါ
အကျိုးပေးသန်လေအောင်၊ ထိုအကျိုးပေးများ ကြည်ရှည်အောင် လျော်စွာ
ထောက်ပံ့ကူညီတတ်သော ကုသိုလ်၊ အကုသိုလ်စေတနာကံကို ခေါ်သည်။
၃။ ဥပပီဠကကံ
ဇနကကံ၏အကျိုးကို အားနည်းချည့်နဲ့အောင် ဖိနှိပ်တတ်သောကံ။
တစ်ပါးသောကံ အကျိုးပေးခွင့်မရအောင် အခွင့်ရ၍ အကျိုးပေးသော်လည်း
မကြာရှည်အောင်ကပ်၍ နှိပ်စစ်တတ်သောကံကို ဆိုလိုသည်။
၎။ ဥပဃာတကကံ
ဇနကကံအကျိုးပေးထားသော ၀ိပါက်နာမက္ခန္ဓာနှင့် ကဋတ္တာ ရုပ်အစဉ်ကို ဖြတ်တောက်တတ်သောကံကိုဆိုလိုသည်။

အကျိုးပေးရာအလှည့်အကြိမ်အားဖြင့် လေးမျိုးမှာ...
၁။ ဂရုကံ
တစ်ပါးသောကံများက မတားမြစ်နိုင်ပဲ စုတိပြီး အခြားမဲ့၌ အကျိုးပေးမြဲ ဖြစ်သော
အလွန်အားကြီးသည့် ကံကိုဆိုလိုသည်။
(ပဉ္စာနန္တိယကံငါးပါးသည် အကုသိုလ်ဂရုကံဖြစ်သည်။ ကုသိုလ်အရာတွင်လည်း
မဟဂ္ဂုတ်ကုသိုလ်ကံနှင့် လောကုတ္တရာကံတို့သည် ဂရုကံများဖြစ်သည်။)
၂။ အာသန္နကံ
ရှေးအခါကပြုခဲ့ပြီး၍ သေခါနီးအခါ၌ အောက်မေ့အပ်သော ကုသိုလ်၊ အကုသိုလ်ကံ
သည်လည်းကောင်း၊ သေခါနီးအချိန်၌ ကပ်ပြုလုပ်သော ကုသိုလ် ၊ အကုသိုလ်ကံ
သည်လည်းကောင်း အာသန္နကံမည်၏
၃။ အာစိဏ္ဏကံ
နေ့စဉ် အမြဲမပြတ် ပြုလုပ်ဆောင်ရွတ်သော ကုသိုလ် အကုသိုလ်ကံ၊ တစ်ကြိမ်ပြုလုပ်ပြီး
နောက် အစဉ်အမြဲဆင်ခြင်အောက်မေ့အပ်သော ကုသိုလ် အကုသိုလ်ကံသည် ၄င်း
အာစိဏ္ဏကံမည်၏။
၎။ ကဋတ္တာကံ
ဂရုက၊ အာသန္န၊ အာစိဏ္ဏကံအခြေအနေသို့ မရောက်တတ်ဘဲ ဒီဘ၀၌ပြုလုပ်ခဲ့သော
ကံများနှင့်ရှေးရှေးဘ၀များ၌ ပြုလုပ်ခဲ့သောကံများတည်း။ ဤကံတို့သည်လည်း
အခွင့်သာသည့်အခါ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တအကျိုးတို့ကို ပေးနိုင်ကြ၏။
အထက်ပါကံလေးပါးတို့၏ အလှည့်အစဉ်အတိုင်း အကျိုးပေးပုံမှာ တစ်စုံတစ်ယောက်ထံတွင်
ကံလေးမျိုးစလုံးရှိပါက ဂရုကံသည် အရင်အကျိုးပေး၏။ ထိုကံမရှိသော် အာသန္နကံ အကျိုးပေး၏။
အာသန္နကံမရှိခဲ့သော် အာစိဏ္ဏကံသည် အကျိုးပေး၏။ မရှိပါက ကဋတ္တာကံသည် အကျိုးပေး၏။

အကျိုးပေးရာကာလအစွမ်းအားဖြင့် ကံလေးမျိုးမှာ--
၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ
မျက်မှောက်ဘ၀၌ အကျိုးပေးသောကံ။ ဇောခုနစ်ချက်တို့တွင် ပထမဇောစေတနာသည်
အခုပစ္စုပ္ပန်ဘ၀၌ အကျိုးပေးခြင်းကြောင့် ဒိဋ္ဌဓမ္မဝေဒနိယကံဟု ခေါ်၏။
၂။ ဥပပဇ္ဖဝေဒနိယကံ
ဒုတိယဘ၀၌ အကျိုးပေးသော သတ္တမဇောစေတနာကံ ကိုခေါ်သည်။
၃။ အပရာပရိယဝေဒနိယကံ
လက်ရှိဘ၀နှင့် ဒုတိယဘ၀တို့မှာတစ်ပါး တတိယဘ၀မှစ၍
နိဗ္ဗာန်ရသည့်ဘ၀တိုင်အောင် အကျိုးပေးတတ်သော အလယ်ဇောငါးချက်
စေတနာကံကိုခေါ်သည်။
၎။ အဟောသိကံ
အထက်တွင်ဖေါ်ပြခဲ့သော ဒိဋ္ဌဓမ္မဝေဒနိယကံ စသည့် ကံသုံးပါးတို့သည်
အကျိုးပေးရန် အခွင့်မသာ အခါမသင့်ဖြစ်ခဲ့လျှင် မိမိတို့ဆိုင်ရာ ကာလ
အားလျော်စွာ အကျိုးမပေးနိုင်ကြတော့ပဲ အလိုလိုပျက်စီးသွားကြသည်။
ထိုသို့သောကံများကို အဟောသိကံ ဟုခေါ်သည်။

အကျိုးပေးရာဘုံဌာန၏ အစွမ်းအားဖြင့် ကံလေးမျိုးမှာ...
၁။ အကုသိုလ်ကံ
(ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်) အပါယ်လေးဘုံ၌ ပဋိသန္ဓေအကျိုးနှင့်
ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
၂။ ကာမာဝစရကုသိုလ်ကံ
ကာမသုဂတိခုနစ်ဘုံ(လူ+နတ်၆) ၌ပဋိသန္ဓေအကျိုးနှင့်
ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
၃။ ရူပါဝစရကုသိုလ်ကံ
ရူပဗြဟ္မာ ၁၆ ဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။
၎။ အရူပ၀စရကုသိုလ်ကံ
အရူပဗြဟ္မာလေးဘုံ၌ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ပေးသောကံဖြစ်သည်။

ထိုသို့ ကံတို့သည် ဆန်းဆန်းကြယ်ကြယ် အကျိုးကို ပေးတတ်သဖြင့် လက်ရှိဘ၀တွင်
မကောင်းမှုပြု၏  မကောင်းကျိုး မခံရ။
ကောင်းမှုပြု၏ ဆိုးကျိုးကိုခံနေရ။
မကောင်းမှုပြု၏ ဆိုးကျိုးကိုခံရ။
ကောင်းမှုပြု၏ ကောင်းကျိုးကိုစံရ။
ဟူ၍ လေးမျိုးပြားစွာ ဖြစ်ပျက်နေထိုင်ကြသည်ကို မြင်တွေ့နိုင်သည်။
ထို့ြေ့ကာင့် ကံနှင့် ကံအကျိုးပေးကို ယုံကြည်ဖို့ရာ အလွန်ခဲယဉ်းကြောင်း သိနိုင်ပါသည်။
ထိုသို့ကံဆန်းကြယ်မှုများကို နားလည်သဘောပေါက်ပါမှသာ လောကတွင်
နေထိုင်ရသည်မှာ စိတ်မကျေနပ်စရာ မရှိလောက်အောင် သာယာလှပ ပေလိမ့်မည်။

ကံမျိုးလေးလီကို ဒေါက်တာမင်းတင်မွန်(မဟာသဒ္ဓမ္မဇောတိက)၏ အဖိုးတန်ဆုံးသောဘ၀ပညာ စာအုပ်မှ ဖေါ်ပြပါသည်။

Saturday, October 24, 2009

ကမ္မ နှင့် ဝေဒ

ဝေဒ ပညာသည်လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ကျော်ခန့်မှစ၍ ထွန်းကားလာခဲ့သည်ဟု ဖတ်ဖူးပါသည်။ အစကိုကား မည်သည့်အချိန်ကာလက စခဲ့သည်ဟု မဖတ်မှတ်ဖူးသေးပါ။
ဝေဒ ဆိုသည်မှာ သိခြင်း၊ ဗေဒကျမ်း၊ မန္တရား၊ နှစ်သက်ခြင်းဟု အဘိဓာန်တွင် ဖွင့်ဆိုထားသည်ကို တွေ့ရပါသည်။ ဝေဒကျမ်းများကို ပြုစုပုံမှာ ဖြစ်လေ့ ဖြစ်ထရှိသော အကြောင်းအရာများကို မှတ်တမ်း တင်ကာပြုစုထားပီး ထိုအကြောင်းအရာ အဖြစ်အပျက်ဆင်တူပါက ထိုသို့ ဖြစ်တတ်သည်ဟု ဟောကြားထား သောမှတ်တမ်းများဖြစ်သည်။ ထိုကျမ်း၏ဆိုလိုချက်မှာ ဖြစ်နိုင်သည်ဟုသာပါပြီး မုချဖြစ်မည်ဟု မပါချေ။
အဘယ်ကြောင့်ဆိုတော် ကံ သည်လွန်စွာ ဆန်းကြယ်လှသည်။ လူတို့ ပြီးပြည့်စုံအောင် မကြံစည်နိုင်ချေ။

လောကတွင် မကြံစည်အပ်သည့် အရာလေးမျိုးရှိသည်။

၁။ ဘုရားအရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။
၂။ ဈာန်အရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။
၃။ လောကအရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။

၎။ ကံအရာတွင် မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်ပေ။

ထို မကြံစည်အပ်၊ မကြံစည်ထိုက်၊ မကြံစည်နိုင်သောကိစ္စများကို ကြံစည်လုပ်ဆောင်ပါကဘေးတွေ့တတ်သည်။

ဆောင်ပုဒ်။ ဗု ၊ ဈာန် ၊ လော ၊ ကံ ဤလေးတန် မကြံစည်အပ် ရူးတတ်လှ၏။

ထို့ကြောင့် ဗေဒင်ကျမ်းများသည် လုံးဝ စိတ်ချစွာ ယုံကြည်ထိုက်သော အရာများမဟုတ်ချေ။ ဟောပြောသော ဗေဒင်ဆရာကိုယ်တိုင် သူ့ဟောပြောချက်ကို ယုံကြည်မှု မခိုင်မြဲပါ။
ဧကံသဗျာကရဏဂိုဏ်း ဟု ဗေဒင်ဂိုဏ်းတစ်ဂိုဏ်းရှိပါသည်။ ထိုဂိုဏ်း ဗေဒင်ဟောရာတွင် တစ်ခွန်းပဲဟောပါသည်။ ကောင်းလျှင်ကောင်းမည်။ ဆိုးလျှင် ဆိုးမည် တစ်ခုကိုပဲ အသေအချာဟောပါသည်။ ထိုမျှဟောနိုင်သည်အထိ ဗေဒင်တတ်ကျွမ်းကြပါသည်။ ထိုဂိုဏ်းကို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က စတင်လာခဲ့သည်။ စတင်တည်ထောင်သူ ပထမဂိုဏ်းချုပ် ဆရာကြီးမှာ ကောဏ္ဍညပုဏ္ဏားကြီးဖြစ်သည်။ ကပ္ပီလ၀ဋ်ပြည်၏ နန်းတွင် ပုဏ္ဏားတော်ကြီးလည်းဖြစ်သည်။
သိဒ္ဓတ္ထမင်းသား ဖွားမြင်သောအခါ နန်းတွင်းပုဏ္ဏားတော်များက ရှေ့ဖြစ်မည်ကို ဟောကြပါသည်။ နန်းတွင်းဗေဒင်ဆရာပုဏ္ဏားငါးယောက်ရှိရာ လေးယောက်က နှစ်ခွန်းဟောပါသည်။ စင်္ကြာဝတေးမင်း (သို့) ဘုရားဖြစ်မည်ဟု ဟောကြပါသည်။ ကောဏ္ဍညတစ်ဦးတည်းသာ ဘုရားဖြစ်မည်ဟု တစ်ခွန်းတည်း ဟောပါသည်။

 ထိုသို့ဟောသည့်အတိုင်း ဘုရားဖြစ်မည်ကိုယုံကြည်သဖြင့် မိဂဒါဝုန်တောသို့သွားကာ ရသေအဖြစ်ကျင့်ကာ တရားထူးနာရန်စောင့်နေပါသည်။ သိဒ္ဓတ္ထမင်းသား အသက် နှစ်ဆယ့်ကိုးနှစ်တွင် သားမယားနှင့် ထီးနန်းစည်းစိမ်ကိုစွန့်ကာ တောထွက်ပါသည်။ ထိုနောက် ဘုရားဖြစ်ရန် ကျင့်ပါတော့သည်။ ထိုအချိန်ထိ ကောဏ္ဍညသည် ဘုရားဖြစ်မည်ဟုယုံကြည်ဆဲဖြစ်သည်။ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်မျှ ကျင့်သော် လည်း ဘုရားမဖြစ်ပဲ အားပြတ်ကာလဲတော့သည်။ ထိုမှ ခွန်အားပြန်ရှိရန် အစာရေတို့ကို သုံးဆောင်တော်မူပြန်သည်။ ထိုတွင် ကောဏ္ဍည၏ယုံကြည်မှုသည် ပျောက်ကွယ်တော့သည်။ သူဟောထားသော ဤသိဒ္ဓတ္ထမင်းသားသည် လောကသုံးပါးတွင် အထွဋ်အထိပ်ဘုရားဖြစ်မည် ဆိုသော ဟောပြောချက်ကို သူမယုံကြည်တော့ချေ။ မယုံကြည်သည့်အလျှောက် ဘုရားအလောင်းတော်ကို ၀တ်ကြီး ၀တ်ငယ်ပြုစုနေသည်မှ စွန့်ခွါ ထွက်သွားကြသည်။ သူ့ဗေဒင်ပညာကို သူကိုယ်တိုင်ပင် မယုံကြည်ခဲ့ပေ။

ဗေဒင်ပညာသည် လိမ်လည်ထားသောပညာကားမဟုတ်ချေ။ ထိုထို အချက်အလက်များ နှင့် ပြည့်စုံလျှင် ထိုသို့ဖြစ်မည်။ ဤသို့ဖြစ်မည်ဟု ဖြစ်တန်စွမ်း နိယာမအရ တွေးခေါ်တွက်ချက်ထားသော ပညာရပ်ဖြစ်သည်။ မုချ အတိအကျဖြစ်မည်ဟုကား အာမခံ၍မရချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ မမြင်ရသော ကံများ၏ အကျိုးပေးကို ထိုဝေဒပညာရှင်များ မသိနိုင်ကြသောကြောင့်ဖြစ်သည်။

မြင်ရသော ကံနှင့် မမြင်ရသော ကံ ဆိုသည်မှာ-
လက်ရှိဘ၀၊ လက်ရှိပြုနေသော ကိုယ်ဖြင့်ပြုသောကံ(ကာယကံ)၊ နှုတ်ဖြင့်ပြုသောကံ(၀စီကံ) တို့သည်သာ မြင်နိုင်သည်။ သိနိုင်သည်။ ထိုပုဂ္ဂိုလ်၏ စိတ်ဖြင့်ကြံသော(မနောကံ)ကိုမူ မသိနိုင်မမြင်နိုင်ကြပါ။
ထို့အတူ ဒီဘ၀ပြုသော ကုသိုလ်၊ အကုသိုလ်ကံများသာ သိနိုင်မြင်နိုင်ကြသည်။ သံသရာအစမှ အတိတ်ဘ၀ထိပြုခဲ့သောကံ၏ အကျိုးပေးမည့်ကံများကိုလည်းမသိနိုင် မမြင်နိုင်ကြပါ။


ဝေဒပညာဆိုသည်မှာ မြင်ရသောကံများကိုခြုံငုံသုံးသပ် တွက်ချက်ကာ အဖြေထုတ်ခြင်းဖြစ်သည်။ ထို့ကြောင့် အဖြေမှာ တိကျမှုရှိရန် မလွယ်ကူချေ။


ကံတို့သည် ကိစ္စ၏အစွမ်းအားဖြင့် လေးမျိုး
အကျိုးပေးရာ အလှည့်အကြိမ်အားဖြင့် လေးမျိုး
အကျိုးပေးရာ အချိန်ကာလအားဖြင့် လေးမျိုး
အကျိုးပေးရာ ဘုံဌာနအားဖြင့် လေးမျိုး
ဟူ၍ ကံမျိုးလေးလီ ရှိသည်။ ထို့ကြောင့် ကံအရာသည် လွန်စွာဆန်းကြည်လှ၍ အဖြေအတိအကျထုတ်ရန် (မြတ်စွာဘုရားမှတပါး) မဖြစ်နိုင်ပေ။


ကံကံ၏အကျိုးကို ယုံကြည်သောသူမှာကား အဆိုပါအချက်များ၊ ကံအကြောင်းကိုသိနားလည်ထားပါသဖြင့် ကောင်းတာလုပ်နေရင်း ဆိုးကျိုးများတွေ့သော်လည်း နားလည်သဘောပေါက်နိုင်စွမ်းရှိ၏။ ဘိုးတော်ကြောင့် မယ်တော်ကြောင့် အိမ်တွင်းနတ်ကြောင့် ဟူသော အခြားအကြောင်းများကိုမရှာတော့ပါ။ အတိတ်မိမိပြုခဲ့သော အကုသိုလ်အကျိုးပေးသာဖြစ်သည်။ အကြွေးကျေပီဟု  တွေးကာပီတိပင်ဖြစ်လိုက်သေးသည်။


တစ်ခါက လယ်တီဆရာတော်ဘုရားကြီးသည် အရပ်တကာလှည့်ပြီး ၀ိပဿနာတရားများဟောကြားနေသည်။ တရားပွဲပြီး၍ သင်္ဘောနှင့် မိမိနေရပ်သို့ပြန်ကြွပါသည်။ သင်္ဘောညအိပ်ရာဆိပ်ကမ်းတွင် ဒကာ၊ ဒကာမများလှူတန်းလိုက်သော ပစ္စည်းများသူခိုး ခိုးခံရပါသည်။ ကပ္ပိယဖြစ်သူက ပူပန်စိုးရိမ်စွာဖြင့် ဆရာတော်ကြီးအား ပျာလောင်ခတ်ကာ ဂါတ်တိုင်မှ ဖြစ်မယ်ဟု လျှောက်ထားပါသည်။ ဆရာတော်ကြီးက ကပ္ပိယအား ငါသူခိုးဆိုတာ လူသိအောင် နင်လုပ်နေတာလား ဟုငေါက်ငမ်းကာ အသာနေ၇န်မိန့်တော်မူပါသတဲ့။

ဒီဖြစ်ရပ်တွင် မိမိသည် သာသနာ့ဝန်ကိုထမ်းကာ ၀ိပဿနာတရားများဟောကြားနေသော ကုသိုလ်များ နေ့စဉ်ပြုနေပါလျှက် အဘယ်ကြောင့် ပစ္စည်းများပျောက်ရသနည်းဟု ပြန်ရလိုရငြား ဗေဒင်မေးအုံးမှ ဟု အတွေးမ၀င်ပါ။ ဆရာတော်ကြီးသည် ကံနှင့်အကျိုးပေးကို သိရှိနားလည်ထားသဖြင့် ယခုဘ၀ မခိုးသော်လည်း နောက်ဘ၀များတွင် ခိုးခဲ့သဖြင့် ထိုအဒိန္နဒါနာကံအကျိုးက ယခုဘ၀တွင်လာရောက် ပေးသည်ဟု ရှင်းရှင်းသိသောကြောင့် သူ့လိုသိထားသော သူတော်ကောင်းများ အဆိုပါဖြစ်ရပ်ကိုကြားပါက လယ်တီဆရာတော်က အရင်ဘ၀က သူခိုးပဲဆိုတာ ပေါ်ကုန်မည်စိုးသဖြင့် သူ့ကပ္ပိယအား အသာနေရန် ငေါက်ငန်းခြင်းဖြစ်သည်။


ထို့အတူပင် 1945 ခုနှစ် သြဂုတ်လ က ဟီရိုရှီးမားမြို့ရှိ လူများအား ဗေဒင်ကြည့်ရာတွင် မိန်းမရမည့်သူ ထီပေါက်မည့်သူ ကံကောင်းမည့်သူ စသည်ဖြင့်အမျိုးမျိုး တွက်ကိန်းများရှိနေကြသည်။ ထိုတွက်ကိန်းများကို ထိုလ ၆ရက်နေ့တွင် "Little Boy" ကဖျက်ဆီးပစ်လိုက်သည်။


2008 ခုနှစ်တွင် ဧရာဝတီတိုင်းရှိ လူတစ်သိန်းကျော် ကိုလည်း ရေနစ်သေလိမ့်မည်ဟု မည်သည့်ဗေဒင် ဆရာကမျှ ဟောခဲ့မည်မဟုတ်ချေ။ သေသူများတွင်လည်း ထီပေါက်မည့်သူ၊ မိန်းမရမည်သူ၊ ကံကောင်းမည့် သူများစွာ ပါနေမည်မှာမလွဲချေ။


အထက်ပါ သာဓက များကိုကြည့်ခြင်းအားဖြင့် ဝေဒပညာသည် အထိုက်အလျောက်ကား မှန်၏။ သို့သော်လုံးဝယုံကြည်စိတ်ချ၍ မရကြောင်း သိရှိနိုင်ပါသည်။ သို့သော် လူတို့သည် အပူမျိုးဖြစ်သဖြင့် ပူစရာ လောင်စရာကြုံလာလျှင် အားကိုးရှာကြတော့သည်။ ဘိုးတော်အားကိုသူကကိုး၊ နတ်အားကိုးသူကကိုး၊ ယတြာအားကိုးသူက ကိုး ဖြစ်လာကြတော့သည်။ လက်တွေ့ဝါဒီသမားများကလည်း သူတစ်ပါးကြောင့် ထိုသို့ဖြစ်ရသည်ဟု သူတစ်ပါးကိုသာ အပြစ်မြင်ကြသည်။


အကြောင်းညီညွှတ်၍ အဆင်ပြေသွားပါက ထိုသူသည်လွန်စွာမှ နစ်နာသွားပါသည်။ ထိုသူ့ စိတ်ဝယ် ကံနှင့် ကံအကျိုးပေးကိုယုံကြည်သော ဉာဏ်ဖြစ်လာရန် အခွင့်နည်းသွားတော့သည်။ ထိုသို့နည်းသည့်အတွက် ကုသိုလ် အကုသိုလ်ကို ပစ်ပယ်တော့သည်။ လူဆိုသည်မှာ ကုသိုလ်ထက် အကုသိုလ်၌သာ ပျော်မွေ့ခြင်းများပေသည်။ ပါပသ္မိံရမတိမနော ဟုဘုရားဟောခဲ့သည့်အတိုင်း စိတ်သည် မကောင်းမှု၌သာ မွေ့လျော်ပါသည်။


မကောင်းမှုမွေ့လျော်ပါက တန်ပြန်သက်ရောက်မှု အကျိုးဆက်မှာ မကောင်းကျိုးသာဖြစ်မှာ သေချာသည်။ လူဖြစ်လာသည်မှာ ကောင်းမှုကုသိုလ် ၈၀%အနည်းဆုံးပါလာ၍ဖြစ်သည်။ လူဘ၀တွင် မကောင်းမှုများ ပြုဖန်များလာသော် ကုသိုလ် ရာနှုန်းနည်းသွားပီး လုံးလုံးကုန်သွားလျှင် မကောင်းမှုအကျိုးပေးရာ ဘုဌာနဖြစ်သော အပါယ်လေးဘုံသို့သာ ပြန်ဆင်းရမည်ဖြစ်သည်။


သို့သော်ကံအကျိုးပေးသည် မျက်စိလည်စရာကောင်းအောင် ဆန်းကြယ်လှသည်။ အတိတ်ကုသိုလ်အကျိုးပေး အားကြီးနေချိန်တွင် မကောင်းမှု အများအပြားလုပ်သော်လည်း ကောင်းကျိုးများသာ ဆက်တိုက်ဖြစ်နေသော သာဓကများ ရှိခဲ့ဖူးပါသည်။ 


အရှင်အာနန္ဒာ အလောင်းသည် ပန်းထိမ်သည်သား ဘ၀တွင် အတိတ်ကုသိုလ်အားကြီးသောကြောင့် လွန်စွာ ချောမောလှပကာ စည်းစိမ်ငွေကြေး လွန်စွာပေါများသည်။ ထိုဘ၀တွင် သူတစ်ပါးသားမယား သားပျိုသမီးပျို များကို ဖျက်ဆီးကာ အကုသိုလ်များကြုးလွန်သော်လည်း မည်သို့မျှ မဖြစ်ပေ။ နောက်ဘ၀တွင်ပင် ငရဲမကျပဲ လူဘ၀ပြန်ဖြစ်သေးသည်။ ထိုနောက်ဘ၀တွင်မည်သည့် အကုသိုလ်မျှ မလုပ်ပဲ အေးဆေးစွာ နေထိုင်ခဲ့သည်။ သို့သော် သေလွန်သော် ပန်းထိမ်သည်သားဘ၀က အကုသိုလ်အကျိုးပေးချိနကျသဖြင့် ငရဲကျတော့သည်။ 

ငရဲမှ သက်တမ်းစေ့၍တက်လာသော် နွား၊ မျောက်၊ ခွေး တိရစ္ဆာန်ဘ၀များတွင် အထီးဖြစ်သော်လည်း သင်းကွပ်ခံရသည်။ လူမိန်းမဖြစ်သော် ပြည့်တန်ဆာ အဖြစ်ဖြင့်သာ အသက်မွေးရသည်။ အကုသိုလ်ကံ အကျိုးဆက်များဆက်တိုက်ခံစားကြရသည်။ ကိုယ်ဆိုးမိုက်ခဲ့သည်က တစ်ဘ၀ဖြစ်ပီး ပေးဆပ်ရသည်က ဘ၀များစွာဖြစ်သည်။ ပြောရလျှင် မတန်ဟု ဆိုချင်ပါသည်။ ကိုယ်ရသည်ထက် ပြန်ပေးရသည်က များသောကြောင့်ဖြစ်သည်။


ယ္ခု ကျွန်ုပ်တို့သည်လည်း ကုသိုလ်အရှိန်များသဖြင့် လူဖြစ်လာကြသည်ဖြစ်ရာ မိမိရရှိထားသော အခွင့်ကောင်းကို အချီးနှီးဖြုန်းတီးမပစ်ပဲ အကျိုးရှိစွာ အသုံးချင်သင့်လှပါကြောင်း . . . ။


Friday, October 23, 2009

ရွှေဥမင်.... ကောက်နှုတ်ချက်များ




သတိ
ချမ်းသာပျော်ရွှင် နေလိုလျှင်
မြဲပင်သတိထား။
သတိထားလျှင် စိတ်ကြည်လင်
ပျော်ရွှင်ချမ်းသာပွား။
သတိတလုံး စွဲမြဲသုံး
အဆုံနိဗ္ဗာန်လား။

ဒုလ္လဘ
ဒုလ္လဘဆိုတာ ခဏတဖြုတ် သင်္ကန်းဝတ်တာလို့
အများက မှတ်နေကြတယ်။
စင်စစ်တော့ ... လောဘ၊ ဒေါသ၊ မောဟကင်းခြင်းဟာ ဒုလ္လဘပဲကွဲ့။

မီးလွတ်
လောဘမီး၊ ဒေါသမီး၊ မောဟမီးဆိုတဲ့
မီးတွေလွတ်အောင်စားနိုင်မှ မီးလွတ်တယ်။
သစ်သီးသစ်ဖုတွေ စားရုံနဲ့ မီးမလွတ်နိုင်ဘူးနော်။

ရက်ရာဇာနဲ့ ပြဿဒါး
ရက်ရာဇာတို့ ပြဿဒါးတို့ဆိုတာ သိကြရဲ့လား။
ကောင်းသော စိတ်ရှိတဲ့နေ့၊ ကောင်းသောအလုပ်လုပ်တဲ့နေ့
ကုသိုလ်ရတဲ့နေ့ဟာ ရက်ရာဇာပဲ။
မကောင်းသော စိတ်ရှိတဲ့နေ့၊ မကောင်းသော အလုပ်လုပ်တဲ့နေ့၊
အကုသိုလ်ဖြစ်တဲ့နေ့ဟာ ပြဿဒါးပါ။

သူတော်ကောင်းဆိုတာ
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ  ဆိုတော့၊
သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်ဆိုတဲ့ သဘောပေါ့နော်။
ဒါဆို အတော်ကို ကြောက်စရာကောင်းတာပဲ။
သူတော်ကောင်းဆိုတာ သင်ကောင်းကောင်း မကောင်းကောင်း
ကျွန်ုပ်ကတော့ အမြဲကောင်းနေရမယ်လေ။

စေတနာကို မတွန့်တိုနဲ့
စေတနာသည် လူတိုင်းနဲ့ မတန်ပါလို့
စာတမ်းတွေ ကပ်ထားကြတာ အိမ်တချို့မှာ တွေ့ရတယ်။
အလကားရတဲ့စေတနာကိုပဲ နှမျောတွန့်တိုရာရောက်နေရင်
ကောင်းပါ့မလား၊ စဉ်းစားကြနော်။

စကားကြီး (၃)ခွန်း
မြစ်ကြီးလည်း မခမ်းပါစေနဲ့
သစ်ပင်ကြီးလည်း မလဲပါစေနဲ့
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။
မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာဖြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။

သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်း ကိုရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။

ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေကိုပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကောင်းတွေ မပျောက်ပျက် ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာ ဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။

သတိနဲ့ အချစ်
သတိနဲ့နေခြင်းဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။
ကိုယ့်ကိုယ်ကိုချစ်ရင် သတိနဲ့ အသိကပ်ပြီးနေရမယ်။

ဘုန်းကြီးပျင်းတော့ ဘုရားရွှေ့
သာသနာ့ဘောင်ကို ၀င်ရောက်လာပြီဆိုရင် စွမ်းနိုင်ပါက ဂန္ထဓုရ (ပိဋကတ်စာပေ ပို့ချခြင်း) ၊ ၀ိပဿနာဓုရ (၀ိပဿနာတရား အားထုတ်ခြင်း) နှစ်မျိုးစလုံး ၊ မစွမ်းနိုင်ပါက တစ်မျိုးကိုတော့ မဖြစ်မနေ လုပ်ရမှာပဲ။ ဘာတစ်ခုမှ မလုပ်ဘူးဆိုရင် သာသနာဝန်ကို ခိုစီးရာရောက်တာမို့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းမဖြစ်နိုင် ပါဘူး။ ဆန်ကုန် ပိတ်ဖြုန်း မောင်ကတုံး ပဲဖြစ်နိုင်ပါတယ်။

ဘုန်းကြီးတွေ ပျင်းလာပြီဆိုရင် ဘုရားရွှေ့တတ်ပါတယ်။ ဘုရားရွှေတယ်ဆိုလို့ တချို့က ရုပ်ပွားတော်များကို ကျောင်းဆောင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့တာမျိုးလားလို့ ထင်တတ်ကြပါတယ်။ မဟုတ်ပါဘူး။ ဂေါတမ ဘုရားရှင်ရဲ့ သာသနာတော်ကြီးနဲ့ ကြုံကြိုက်နေပါလျှက် နောင်ပွင့်မည့် အရိမေတ္တယျ ဘုရားရှင်လက်ထက်မှာ သာဝကဖြစ်ရပါလို၏ ကျွတ်တမ်းဝင်ရပါလို၏လို့ ဆုတောင်းနေကြပါတယ်။ ဒါဟာ သာသနာတော်နဲ့ ကြုံခိုက် တရားအားထုတ်ရမှာပျင်းလို့ ဘုရားရွှေ့တာမျိုးပါပဲ။

မှတ်သားလိုက်နာ ကျင့်သုံး သင့်တာလေးတွေမို့ ဝေမျှလိုက်ပါတယ်။

ကံထိုက် - မထိုက်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ အနည်းဆုံး ငါးပါးသီလကို အမြဲ စောင့်ထိန်းရပါတယ်။ ဥပုဒ်သည်တွေအတွက် ရှစ်ပါးသီလ၊ ကိုရင်သာမဏေတို့အတွက် ဆယ်ပါးသီလနဲ့ ရဟန်းတော်တွေအတွက် (၂၂၇)သွယ်သော သိက္ခာပုဒ်ဆိုပီး ဗုဒ္ဓဟောကြား ပြဌာန်းထားတာရှိပါတယ်။

အဓိကပြောချင်တာ လူအတွက် ငါးပါးသီလပါပဲ။ ငါးပါးသီလကို ဆောက်တည်ပီး မကျိုးမပေါက်အောင် စောင့်ထိန်းနိုင်သူဆိုတာ ယခုခေတ်မှာ ဟိုရှေးတုန်းနဲ့စာရင် နည်းလာပါပီ။
နောက်ကိုယ်စောင့်တဲ့သီလ ကျိုးမကျိုး ကံထိုက်မထိုက်ဆိုတာလည်း သိဖို့လိုပါတယ်။

(က) သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ။ 
ဒီအချက်ကတော့ တော်တော်များများ စောင့်နိုင်ကြပါတယ်။ ဒါတောင်တစ်ခါတစ်လေ ခြင်တို့ ပရွတ်ဆိတ်တို့ ရိုတ်မိပါသေးတယ်။
ပါဏာတိပါတကံ ထိုက်မထိုက်ဆုံးဖြတ်ရန်အတွက် ငါးချက်လိုပါတယ်။
၁။ သတ္တ၀ါတစ်ကောင်ဖြစ်ခြင်း
၂။ သတ္တ၀ါဟူသော အမှတ်သညာရှိခြင်း
၃။ သေစေလိုသောဆန္ဒရှိခြင်း
၎။ သေသွားစေရန် ကိုယ်၊ နှုတ် တစ်ခုခုဖြင့် ဆောင်ရွက်ခြင်း။
(နှုတ်ဖြင့် သတ်ရန်စေခိုင်းခြင်း၊ ပြောခြင်း၊ အမိန့်ပေးခြင်း)
၅။ သေသွားခြင်း
အဲလိုငါးချက်နဲ့ ပြည့်စုံမှ ပါဏာတိပါတကံထိုက်ပါတယ်။ သတ်တော့သတ်တယ် မသေရင်လည်းမထိုက်ပါဘူး။ သေတော့သေသွားတယ် သေစေလိုတဲ့စိတ်မရှိရင်လည်း မထိုက်ပါဘူး။
ဒီကံကိုကျူးလွန်တဲ့အတွက် ပြန်ရမယ့် အကျိုးတွေကတော့...
အင်္ဂါမစုံလင်ဖြစ်တတ်တယ်။ နောက်ဘ၀မှာ အင်္ဂါချို့တဲ့ပီးမွေးတတ်တယ်။
ရုပ်ရည် လှပတင့်တယ်မှုမရှိဘူး။
ခွန်းအားလည်းနည်းတယ်။ သွက်သွက်လက်လက်မရှိဘူး။ ရောဂါလည်းထူမယ်။ အလိုလိုကြောက်နေတတ်တယ်။ နောက် အသက်တိုတယ်  တဲ့။


(ခ) သူ့ဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း ။
ဒီဟာလည်း ရှောင်နိုင်ကြပါတယ်။ ဒါတောင် အစိုးရ၊ ကုမ္ပဏီဝန်ထမ်းများ အလုပ်ချိန်နောက်ကျတာတို့ စောပြန်တာတို့ဟာ အဒိန္နဒါနာ နဲ့ မလွတ်ပါဘူး။ သတိပြုဖွယ်ပါ။
ဒီကံမြောက် မမြောက်ကို အချက်ငါးချက်နဲ့ပဲ ဆုံးဖြတ်ပါတယ်။
၁။ သူတစ်ပါးဥစ္စာဖြစ်ခြင်း
၂။ သူတစ်ပါးဥစ္စာဟုသိခြင်း
၃။ ခိုးယူလိုသော စိတ်စေတနာရှိခြင်း
၎။ ခိုးယူရန် ကိုယ်၊ နှုတ် တခုခုဖြင့်ဆောင်ရွက်ခြင်း
၅။ ခိုးယူမှု အောင်မြင်ခြင်း။
ဒီသီလကို စောင့်ထိန်းခဲ့တဲ့ပုဂ္ဂိုလ်များကတော့ လက်ရှိဘ၀ကနေ နောင်အဆက်ဆက်
ဥစ္စာစည်းစိမ်ပေါများမယ်။
ငွေကြေးချမ်းသာမယ်။
အလိုရှိတာအကုန်ရမယ်။
စည်းစိမ်ဥစ္စာခိုင်မြဲမယ်။
ရေ၊ မီး၊ မင်း၊ သူခိုး၊ သားသ္မီးဆိုး ဆိုတဲ့ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ပါတဲ့။

(ဂ) မှားယွင်းသောကာမမှုအကျင့်မှရှောင်ကြဉ်ခြင်း
အင်းဒါကတော့ တော်တော်များများ ကင်းကြပါလိမ့်မယ်လို့ ထင်ပါတယ်။
 ဒီကံကို တော့ မိန်းမများမထိုက်ယောက်ျားများသာထိုက်တယ်လို့ဆိုပါတယ်။
ဒီကံကိုတော့ လေးချက်နဲ့ဆုံးဖြတ်ပါတယ်။
၁။ မသွားလာအပ်သော မိန်းမ(၂၀)ဖြစ်ခြင်း
၂။ ထိုမိန်းမ၌ မှီဝဲလိုသောစိတ်ရှိခြင်း
၃။ လုံ့လပြုခြင်း
၎။ သာယာခြင်း
ဘာကြောင့်ဒီကံ မိန်းမတွေပြုလို့မရတာလဲလို့ စောဒကတက်ဖူးပါတယ်။ ဒီကိစ္စကို ယောက်ျားတွေ စိတ်ဆန္ဒမရှိရင် မိန်းမတွေဦးဆောင်ပြုလို့ မရလို့ပါတဲ့။ ဆရာတော်ကြီးတစ်ပါးမိန့်တာ မှတ်ထားဖူးပါတယ်။

(ဃ) မဟုတ်မမှန်လိမ်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း
ဒီအချက်ကိုပဲ အားလုံးနီးပါး ကျူးလွန်နေကြတာပါ။ ရယ်စရာပင်ဖြစ်စေ မဟုတ်မှန်လျှင် မုသာဝါဒပါပဲ။
၁။ မဟုတ်မမှန်သောအကြောင်းအရာဖြစ်ဖြင်း
၂။ လိမ်ပြောလိုစိတ်ရှိခြင်း
၃။ ပြောလည်းပြောခြင်း
၎။ ပြောသည့်အတိုင်းသူတစ်ပါးယုံကြည်သွားခြင်း။
ဒီလို လေးချက်နဲ့ ပြည့်စုံရင်တော့မုသာဝါဒကံ မြောက်ပါတယ်။

(င) သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
လူငယ်တော်တော်များများ မကင်းနိုင်ခဲ့ကြတဲ့ သိက္ခာပုဒ်ပါ။ အတ္တလည်းပါပါတယ်။ :P
၁။ သေရည်စသည် တစ်မျိုးမျိုးဖြစ်ခြင်း
၂။ သောက်စားလိုစိတ်ရှိခြင်း
၃။ သောက်ဖြစ်အောင်လုံ့လပြုခြင်း
၎။ သောက်စားခြင်း

ငါးပါးသီလမြဲရင်တော့ ဘယ်မှာနေနေ ကြီးပွားမှာသေချာပါတယ်။ ရင်ဆိုင်ရမယ့်အခက်အခဲတွေလည်း အောင်မြင်စွာကျော်နိုင်ပါတယ်။ ငါးပါးလုံး မမြဲတောင် တစ်ပါးနှစ်ပါး စသည် ကိုယ်နိုင်သမျှ စောင့်ထိန်းရင် အရေးကြုံတဲ့အခါ သစ္စာပြုလို့ရပါတယ်တဲ့။

Wednesday, October 21, 2009

သိင်္ဂါလောဝါဒ

မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ အလုပ်ရှင်နှင့်အလုပ်သမား၊ ဆရာနှင့်ဒကာ ၊ မိတ်ဆွေတို့၏ အချင်းချင်းထားရှိအပ်သော ပြုလုပ်ပေးအပ်သော ၀တ္တရားများကို သိင်္ဂါလသတို့သားအား မြတ်စွာဘုရားဟောကြားခဲ့သော သိင်္ဂါလောဝါဒ သုတ္တန်တွင် တွေ့ရှိနိုင်ပါသည်။ လောကီ လောကုတ် နှစ်ဖြာသော အကျိုးစီးပွားကို ဖြစ်စေတတ်သာ ကျင့်ဆောင်ဖွယ်များဖြစ်သည်။

(က) သားသမီးကျင့်ဝတ် ငါးပါး
ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်။
ကျင့်ဖွယ်သားတို့တာ။

(ခ) မိဘကျင့်ဝတ် ငါးပါး
မကောင်မြစ်တာ ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ ၊ ပေးဝေနှီရင်း
ထိမ်မြားခြင်းလျှင်
ဝတ်ငါးအင်
ဖခင်မယ်တို့တာ။

(ဂ) တပည့်ကျင့်ဝတ် ငါးပါး
ညီညာထကြွ ၊ ဆုံးမနာယူ
လာမူကြိုဆီး ၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်
တပည့်ဝတ်
မချွတ်ငါးခုသာ။

(ဃ) ဆရာဝတ် ငါးပါး
အတတ်လည်းသင် ၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့
ဆရာတို့
ကျင့်ဖို့ ၀တ်ငါးဖြာ။

(င) လင်ကျင့်ဝတ် ငါးပါး
မထေမဲ့ကင်း ၊ အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၊ ၀တ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။

(စ) မယားကျင့်ဝတ် ငါးပါး
အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် ၊ လျောအောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ
အိမ်သူ ကျင့်အပ်စွာ။

(ဆ) မိတ်ဆွေကျင့်ဝတ် ငါးပါး
ပေးကမ်းချီးမြင့် ၊ ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် ၊ နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၊
ဝတ်ငါးထွေ
ကျင့်လေမိတ်သဟာ။

(ဇ) အလုပ်ရှင်ကျင့်ဝတ် ငါးပါး
ဝစွာကျွေးမွေး ၊ ပြုရေးစီရင်
နာလျှင်ကုစေ ၊ ငှဝေရသား
အခါကိုလွှတ်
အရှင့်ဝတ်
မချွတ်ငါးခုသာ။

(ဈ) အလုပ်သမားဝတ် ငါးပါး
အိပ်သော်နောက်ကျ ၊ ထသော်ကားရှေး
ပေးမှယူအပ် ၊ စေ့စပ်ဆောင်ရွက်
ကျေးဇူးမြွက်
ငါးချက် ကျွန်ကျင့်ရာ

(ည) ဒါယကာကျင့်ဝတ် ငါးပါး
မေတ္တာစိတ်သက် ၊ ဆောင်ရွက်ချစ်ကြင်
ခင်မင်နှုတ်ချို ၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ
ဝတ်ငါးထွေ
ပြုလေ ဒါယကာ။

(ဋ) ၇ဟန်းကျင့်ဝတ် ခြောက်ပါး
မကောင်မြစ်ထာ ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး ၊ နာဖူးထပ်မံ
နတ်ထံတင်ရာ ၊ မေတ္တာလည်းပြု
ရဟန်းမှု
ခြောက်ခု လွန်သေချာ။

ကိုယ့်နှင့်ဆိုင်တာ ကိုယ်ကျင့်ဆောင်ပါက ဘ၀တွင် အောင်မြင်တိုးတက်မှုများ မုချရရှိမည်ဖြစ်ပီး ၊ အေးချမ်းသာယာသော ဘ၀တစ်ခု ပြည့်စုံကြွယ်ဝသော ဘ၀တစ်ခု ပိုင်ဆိုင်မည်ဖြစ်သည်။

ချမ်းသာပြီး မသာယာသောဘ၀၊ ပြည့်စုံသော်လည်း မကြွယ်ဝသောအခြေနေများ တွေ့ကြုံနေရခြင်းမှာ အထက်ပါကျင့်ဝတ်များတွင် တခုခု လိုအပ်နေသော ကြောင့်သာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်....
ဘုရားဟောဟူသည် လိုသည်ဟုဖြည့်စွက်စရာ ပိုသည်ဟုပါယ်ဖျက်စရာ မရှိနိုင်သော ကြောင့်ဖြစ်သည်။

ဂဟိဝိနယ

(၁) ဥစ္စာပျက်ကြောင်း ခြောက်ပါး
  သေစာသောက်စား ၊ လမ်းသွားခါမဲ့
ရှုငဲ့သဘင် ၊ ပျော်ရွှင်အန်လောင်း
မကောင်းမိတ်ဖျင်း ၊ ပျင်းရိခြင်းကား
ယိုယွင်းဥစ္စာပျက်ကြောင်းတည်း။


(၂) သေအရက်သောက်ခြင်း အပြစ်ခြောက်ပါး

ဥစ္စာယုတ်ခြင်း ၊ ငြင်းခုံများစွာ
ရောဂါထူပြော ၊ ကျော်ဇောမဲ့တုံ
မလုံအင်္ဂါ ၊ ပညာနည်းရှား
ဤ ခြောက်ပါးကား
သောက်စားသေစာ အပြစ်တည်း ။


(၃) အခါမဲ့ သွားလာခြင်း အပြစ်ခြောက်ပါး

ကိုယ့်သားမယား ၊ တခြားဥစ္စာ
လုံရာမဲ့ရှောင်း ၊ မကောင်းအရာ
ရွံရှာလေအပ် ၊ ယိုးစွပ်ရောက်မှု
ဆင်းရဲစု
ခြောက်ခု ခါမဲ့သွားပြစ်တည်း ။


(၄) သဘင်ပွဲလမ်း အပြစ်ခြောက်ပါး

ကခြင်းတလီ ၊ သီခြင်းတသီး
မှုတ်တီးတသင်း ၊ ပြိန်ဖျင်းတအုပ်
လက်ခုပ်တတည် ၊ အိုးစည်တဖြာ
ရှိရာရှာ၍
ဥစ္စာပျက်မှု ၊ ဤခြောက်ခုကား
ကြည့်ရှုသဘင်အပြစ်တည်း။


(၅) လောင်းကစားသူ အပြစ်ခြောက်ပါး

အောင်သူရန်ပွား ၊ ရှုံးသားစိုးရိမ်
စည်းစိမ်လျော့ပါး ၊ တရားသဘင်
မ၀င်သက်သေ ၊ မိတ်ဆွေနှိမ့်ဆို
မလိုထိမ်းမြား
ဤခြောက်ပါးကား
ပျော်ပါးကြွေအန် အပြစ်တည်း။


(၆) မိတ်ဆွေပျက် ခြောက်ပါး

ကြွေအံကြူးထ ၊ မိန်းမကြူးထွေ
သေစားကြူးမှု ၊ အတုပြုငြား
လှည့်စားတထောက် ၊ မျက်မှောက်လှည့်ချက်
နိုင်ထက်လုယူ ၊
ဤသူခြောက်ပါး ၊ မိတ်ဖြစ်လားကြောင့်
ပျက်ပြားမိတ်ဆွေ အပြစ်တည်း ။


(၇) ပျင်းရိခြင်း အပြစ်ခြောက်ပါး

အချမ်းပြင်းဝှန် ၊ အလွန်ပူနိုး
မိုးချုပ်လှမော ၊ စောလှလွန်းရောင်
ဆာလောင်ပြင်းပြ ၊ ၀မ်းဝလွန်းထွေ
နေက ပညာ ၊ မပွားရာသည်
ခြောက်ဖြာ ပျင်းသူအပြစ်တည်း ။

(၈) အကြီးအကဲဝတ် ခြောက်ပါး

ထကြွ နိုးကြား ၊ သနား သည်းခံ
ဝေဖန် ထောက်ရှု
ဤခြောက်ခု
ကြီးသူ့ကျင့်ရာ တရားတည်း ။

(၉) အလေးအမြတ်ပြုအပ်သော အရပ်ခြောက်မျက်နှာ

အရှေ့ မိဘ ၊ တောင်မှ ဆရာ
နောက်မှာ မယား ၊ မြောက်ကား မိတ်ဆွေ
 အောက်ခြေကျွန်များ ၊ အထက်ဖျားကား ရဟန်း
လေးမြတ်ပြုအပ် ၊ ဤခြောက်ရပ်တည်း ။


ဂဟိဝိနယဆုံးမစာမှ ထုတ်နှုတ်ဖေါ်ပြပါသည်။

Tuesday, October 20, 2009

သီချင်းထည့်ခြင်း

၁) အရင်ဆုံး တင်မဲ့သီချင်းကို upload ဖို့ http://www.fileden.com မှာ အကောင့်ဖွင့်ပြီး ရီဂျစ်စတာလုပ်ပါ။ ပြီးရင် သီချင်းကို upload ပါ။ အပ်လုပ်ပြီးရင် သီချင်းရဲ့ လင့်တွေတွေ့ပါလိမ့်မယ်။ လင့်ကိုယူပြီး ကိုယ်ဘလော့ဂ်မှာ ထည့်လိုက်ရုံပါပဲ။

၂) မြှားအပြာပေါ်ဖို့ရာ code တစ်ခု ထည့်ရပါမယ်။ ဘလော့ဂ်ရဲ့ HTML ထဲက bodyနဲ့ /head ကြားမှာဒီကုဒ်လေးထည့်ပါ။

(script src='http://del.icio.us/js/playtagger' type='text/javascript'/)


အဆင်ပြေသွားလိမ့်မယ်။


ဆိုပီး အစ်မအိမ်မှာ သီချင်းတင်နည်းရေးထားတာရှိပါတယ်။ 
(http://nineninesanay.blogspot.com/2008/08/blog-post_09.html


ဒါပေမယ့် အဲဒီကုဒ်ထည့်တာ နေရာလွဲနေရင် အလုပ်မလုပ်ပါဘူး။ HTML အကြောင်းကို လုံးဝမသိတဲ့သူဆို ပိုဆိုးပါတယ်။ ရှာရတာ ခေါင်းမူး ချွေးပြန်အောင်ရှာရပါတယ်။ ကျွန်တော့လို လူပြိန်းများ အဆင်ပြေအောင် ထပ်ပီး အသေးစိတ်ရှင်းပြပေးပါမယ်။
 Fileden .com မှာ အကောင့်လုပ်ရတာက မခက်ပါဘူး။
ကုဒ်ကို ထည့်ရတာက လက်ဝင်ပါတယ်။  ဦးစွာ ကိုယ့်ဘလော့ကို ၀င်လိုက်ပါ။ 
ပြီးတော့မှ Layout--- Edit HTML ကိုသွားပါ။ အဲဒီရောက်ရင် ရှုပ်ထွေးနေတဲ့ကုဒ်တွေ၊ နားမလည်တဲ့ဟာ တွေကိုတွေ့ရလိမ့်မယ်။ အောက်ဆုံးအထိ သွားလိုက်ပါ။ (/html) ဆိုတဲ့အောက်ဆုံး ကနေ အပေါ်ကို စာကြောင်း လေးဆယ်လောက် ပြန်တက်လာပါ။စာကြောင်းရေတာမှာ စာရှိတဲ့စာကြောင်းကိုပဲ ရေရမှာပါ။ အဲဒီမှာ (/head) နဲ့ (body)ကြားထဲကို အောက်က ကုဒ်လေး ထည့်လိုက်ပါ။ 
 (script src='http://del.icio.us/js/playtagger' type='text/javascript'/)
ကွင်းစ ( ကွင်းပိတ် ) နေရာမှာ < နဲ့ > အစားထိုးပြောင်းပေးပါရန်။

ပုံမှာပြထားတဲ့အတိုင်း ထည့်ရင်ရပါပီ။ပြီးရင် save template နှိပ်ပေါ့ဗျာ။



နောက် page elements ကိုသွားပါ။ add a Gadget နှိပ်ပါ။


အဲဒီ ထဲက Link List ဆိုတာကို ရွေးနှိပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါမယ်။


ပုံမှာပြထားတဲ့အတိုင်း ဖြည့်ပီးသွားရင် add link ဆိုတာကိုနှိပ် ပီးတော့ save လုပ်ပီးထွက်လိုက်ပါ။ ကိုယ်ထည့်တဲ့ gadget နေရာမှာ ပလေယာနဲ့ သီးချင်းတွေ့နေရပါပီ။ 
အဆင်ပြေကြပါစေ။