Thursday, December 31, 2009
သူတို့စကား
 မြင်သောသူသည်-
မြင်သူကိုလည်းမြင်၏။
မမြင်သူကိုလည်းမြင်၏၊
မမြင်သောသူသည်-
မြင်သူကိုလည်းမမြင်၊
မမြင်သူကိုလည်းမမြင်၊
(ရှင်ဝပ္ပ)
သာသာနာ(၅၀၀၀)ဆိုတာ
သာသနာ(၅၀၀၀)ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။ ရှင်းကြရဲ့လား...၊
သာသနာဆိုတာ လိုက်နာသူအပေါ်သာ လုံးဝတည်နေတယ်။ လိုက်နာသူက မလိုက်နာရင် ဘုရားရှိနေလည်း မဆိုင်၊ မရှိလည်းပဲ မဆိုင်ဘူး။ ဒီဘုရားရှင် ဟောထားတဲ့ အဆုံးအမအတိုင်း လိုက်နာမှု၊ မလိုက်နာမှုအပေါ်မှာသာ တည်တယ်။ သာသနာတည်တယ်ဆိုတာ အဲဒါပဲ ရှင်းကြပလား ...။
(ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး)
ရေလမ်း မီးလမ်း
ရေသွားတဲ့လမ်းဆိုတာက
အမှိုက်လည်းမရှိဘူး၊
သန့်ရှင်းတယ်။
ညီညီညာညာလည်းရှိတယ်။
မီးသွားတဲ့လမ်းကတော့
မီးသွေးတွေ ပြာတွေ ကျင်းချိုင့်တွေနဲ့၊
အဲဒါကြောင့်
ရေသွားတဲ့လမ်းလို ဖြစ်ပါစေ၊
မီးသွားတဲ့လမ်း မဖြစ်ပါစေနဲ့...။
(ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး)
ဝိပါကပစ္စယော
''ကပ္ပိယ၊ ကိုယ်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလဲ သူများပစ္စည်းခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့။
သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသောအကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ။
အသာနေပါ ကပ္ပိယရယ်....။
မင်းလုပ်လိုက်မှ ငါသူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ်။
(အဂ္ဂမဟာပဏ္ဍိတလည်တီဆရာတော်ဘုရားကြီး)
စွန့်
ယုတ်မာဆိုးကောင်း
ကျင့်မကောင်းကို
မှားကြောင်းတစိ
သိလျင်သိခြင်း
စွန့်ပယ်လျဉ်းလော
အတင်းယူစွဲ
ဖားမြွေခဲ့သို့
အမြဲမှတ်သို
မစွန့်လိုက
ဤကိုယ်သုခ
နောင်မရဘူး။
(မာဃဒေ၀)မန်လည်ဆရာတော်
ပြောပါ
မအောင့်အီးနိုင်လို့
သူတစ်ပါးအကြောင်းကို ပြောချင်ရင်
ကောင်းတာလေးတွေကို ရွေးပြောပါ။
(ဘဒ္ဒန္တပညာဘောဂ၊ ဆဋ္ဌသင်္ဂီတိထေရ)
သာသနာပြုဆိုတာ
သာသနာပြုရင်တော့ သာသနာတိုးတက်မယ်။
ဝါသနာပြုရင်တော့ သာသနာပျက်စီးမယ်။
(ဘဒ္ဒန္တပညာသာမိ၊ မဟာမြတ်မုနိဘုရားကြီးကျောင်း၊ တာချီလိတ်မြို့)
ပဿနာ
သူ့ကို fight ရင်လည်း
ဒီပြဿနာဟာ မပြေလည်ဘူး။
Flight ထွက်ပြေးတိမ်းရှောင်နေမယ်ဆိုရင်လည်း
ပြဿနာဟာ မပြေလည်နိုင်ဘူး။
(ဆရာတော်ဦးဇောတိက၊ မဟာမြိုင်တောရ)
နောက်သို့
ရှေ့တိုးဖို့ကြီးပဲ မကြိုးစားနဲ့
တစ်ခါတစ်လေ
နောက်တစ်လှမ်းနှစ်လမ်း
ဆုတ်လိုက်ခြင်းဟာ
ကျယ်ပြန့်တဲ့
မိုးကောင်းကင်နဲ့
ပင်လယ်ပြာကို
တွေ့ရခြင်းပဲ။
(၀စီပိတ်ဆရာတော်၊ ကျိုင်းတုံ)
စစ်ကြည့်
ကိုယ့်စိတ်ကိုယ် စစ်ပါ။
လက်နှီးစုတ်လား ? ပ၀ါဖြူလား ?
လက်နှီးစုတ်ဆိုရင် နာနာလျှော်။
ပ၀ါဖြူဆိုရင် အပေမခံနဲ့။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ
ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။
အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း
ဖရိုဖရဲဖြစ်သွားနိုင်တာပဲ။
ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်
လွတ်လပ်ကိုလည်း ပေးစွမ်းနိုင်ရမယ်
ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။
(ဒလိုင်းလားမား)
Shwe Dagon & Khrushchev
1955 ကမ္ဘာ့ထိပ်သီး ကွန်မြူနစ်ခေါင်းဆောင် ဆိုဗီယက်ဝန်ကြီးချုပ် "ခရုရှက်" မြန်မာနိုင်ငံလာရောက်စဉ် ရွှေတိဂုံစေတီတော်ကြီးကို လက်အုပ်ချီကန်တော့ရာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးက -
"ခင်ဗျားဟာ ကွန်မြူနစ်လုပ်နေပြီး ဘုရားရှိခိုးရသလားဗျ"
ဟုမေးလိုက်၏။ မစ္စတာခရုရှက်က -
"ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ၊ ဘာပြုလို့လဲဆိုတော့ မိမိဝါဒကို နှစ်ပေါင်း (၂၅၀၀)ကျော် တည်တံ့အောင် ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့ စွမ်းပကားဟာ ကျွန်တော်တို့ လူ့သမိုင်းအရ ဘယ်လူသားကမှ လိုက်မမှီသေးဘူး။
ခု ကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှစ်သန်းကို နောက်လိုက်ဖြစ်အောင် လုပ်နိုင်ကြသလဲ။ ဘယ်လောက်ကြာကြာ တည်တံ့အောင် လုပ်နိုင်မလဲ၊ ဗုဒ္ဓလောက် ကြီးမြတ်တဲ့ စည်းရုံးရေးမှူးမျိုး ရှိနိုင်ပါ့မလား။ ဒါကြောင့် ဗုဒ္ဓရဲ့ စည်းရုံးရေးစွမ်းအင်ကို အလေးပြုတဲ့အနေနဲ့ ကျွန်တော်က ခင်ဗျားတို့ ဓလေ့ အတိုင်း ရှိခိုးတာဗျ။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်လားဗျာ"
ဟု ပြန်ပြောခဲ့ဖူးလေသည်။
အားလုံးအတွက်
အစပထမ၌ သိဒ္ဓတ္ထမင်းသားသည် ခတ္တိယဖြစ်၏။
တောထွက်ချိန်မှစ၍ ခတ္တိယမဟုတ်တော့။
လူသားအားလုံးနှင့်ဆိုင်လာ၏၊ လူသားအားလုံး၏ သိဒ္ဓတ္ထ ဖြစ်လာ၏။
ခတ္ထိယတို့၏ သိဒ္ဓတ္ထမဟုတ်။
ဘုရားဖြစ်သောအခါတွင်ကား
လူအားလုံး၏ သိဒ္ဓတ္ထပင်မဟုတ်တော့
လူ၊ နတ်၊ ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ သိဒ္ဓတ္ထ ဖြစ်လာ၏။
 (ဦးရွှေအောင်)
Thursday, December 24, 2009
ကိုယ့်ကိုယ်ကို မနှိပ်စက်ပါနဲ့ အဆက်
       ဒီစကားတွေကြောင့် ယောက်ယက်ခတ်ကာ ကျွန်မရင်ထဲ မငြိမ်းအေးနိုင် ဖြစ်နေရသည်။ ရက်အတန်ကြာအောင် တစ်ယောက်တည်း အကျောက်အကန် ငြင်းခုန်ဝေဖန်နေပြီးသည့်နောက် ကျွန်မ ခဲအိုဆီသို့ တယ်လီဖုန်းဆက်ဖြစ်သည်။ ကျွန်မ နိုင်ငံခြားသို့ မထွက်ခွါမီ သူတို့မိသားစုကို လာရောက်နှုတ်ဆက် ချင်ပါသည် ဟူ၍။
      ကျွန်မသူတို့နှင့် တွေ့ရပြီး ငါးမိနစ်မပြည့်မီမှာပင် ကျွန်မလာရောက်သည့်အတွက် သူတို့အားလုံးမှာ စိတ်သက်သာ ပေါ့ပါးမှုရသွားကြကြောင်း ကျွန်မသတိပြုမိလိုက်ပါသည်။ ကျွန်မအစီအစဉ်တွေ ဖွင့်ဟပြောဆို ပြီးနောက် ကျွန်မဘ၀၏ ကဏ္ဍသစ်အတွက် အောင်မြင်စေကြောင်း ဆုမွန်ကောင်း တောင်းပေးကြရန် သူတို့ကို ပြောဖြစ်သည်။ ဒီလိုတွေ့ဆုံပြောဆိုဖြစ်လိုက်မှု၏ အကျိုးသက်ရောက်မှုက ကျွန်မကိုယ်တိုင်အတွက် တကယ် သိသိသာသာကြီးဖြစ်ပေါ်ခဲ့သည်။ ကျွန်မအပေါ်ဖိစီးနေသည့် ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားလိုက် ရသည်။ ရင်ထဲမှာ ရှင်းလင်းပေါ့သွားပြီး လွတ်လွတ်လပ်လပ် အရင်လို ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် ပြန်ဖြစ်လာခဲ့သည်။
        ဆွေမျိုးများနှင့် ပတ်သက်သည့် အဲဒီအပြုအမူကလေးသည် နောက်ကျွန်မ၌ ဖြစ်ပေါ်လာမည့် သိသာ ထင်ရှားသော ပြောင်းလဲမှုများအတွက် ရှေ့ပြေးဖြစ်ခဲ့သည်။ နောက်တစ်နှစ်ခွဲအကြာတွင် ကျွန်မ နယူးယောက်မြို့၌ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ရောက်ရှိနေ ပါသည်။ အဲဒီအချိန် ကျွန်မတို့အတွက် အရေးကြီးနေသည့် ပြဿနာက တောင်အာဖရိကနိုင်ငံ၌ ရှိနေသည့် အိန္ဒိယနွယ်ဖွားများအပေါ် ၄င်းနိုင်ငံ၏ ဆက်ဆံနေပုံများဖြစ်သည်။ ဒီကိစ္စနှင့်ပတ်သက်၍ သူတို့ဘက်ကရော ကျွန်မတို့ဘက်ကပါ စကားတွေရင့်ရင့်သီးသီး ပြောခဲ့ကြပြီးဖြစ်၏။ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တွေက အိန္ဒိယ၏ ဂုဏ်သိက္ခာကိုရော ကျွန်မကိုယ်တိုင်ကိုပါ ထိခိုက်စော်ကားသည့် စကားတွေ ပြောကြသည့်အခါ ကျွန်မ တစ်ခွန်းမခံ၊ အလားတူ စူးရှပြင်းထန်သော စကားလုံးများဖြင့် ပြန်လှန်ထိုးနှက် တိုက်ခိုက်ခဲ့သည်။
         အဲသလို အပြန်အလှန် စိတ်မချမ်းမသာစရာ စကားစစ်ထိုးပွဲတစ်ခု ဆင်နွှဲခဲ့ပြီးနောက်တွင်မှ ဂန္ဒီကြီး ပြောခဲ့ဖူးတာတွေ ကျွန်မသတိရသွားသည်။ သူဆိုလျှင် သဘောတူပါ့မလား၊ ကျွန်မတွေးမိသည်။ သူက ဘယ်ကိစ္စမဆို လုပ်နည်းလုပ်ဟန်နှင့် အကျိုးရလာဒ်သည် တန်းတူပင် တန်ဘိုးရှိသည်ဟု မြင်သူဖြစ်သည်။ ရေရှည်အဖို့ဆိုလျှင် လုပ်နည်းလုပ်ဟန်ကပင် ပို၍အရေးကြီးသေးသည်ဟု သူမြင်သည်။ ယခုကိစ္စများတွင် အဆုံးသတ်၌ ကျွန်မတို့နိုင်သည်ပဲထားဦး ကိုယ်ရည်မှန်းသော အရာကိုရအောင်ယူသည့်နေရာ၌ ကျွန်မတို့ ကျင့်သုံးသောနည်းက အိန္ဒိယ၏ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်စေမည့် နည်းလမ်းမျိုး ဖြစ်နေလျှင် ဘယ်လိုလုပ်မလဲ။
         အဲဒီည အိပ်ရာမ၀င်မီ ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သည်။ ဘယ်လိုအနေအထားမျိုးနှင့် ရင်ဆိုင်ရသည် ဖြစ်စေ ကုလသမဂ္ဂတွင် ကျွန်မပြောသည့် စကားများသည် ပေါ့ပေါ့တန်တန် ကရော်ကမည် စကားမျိုးမဖြစ်စေရ ဟူ၍။
          အဲဒီနောက်တွင်တော့ ကျွန်မက စကားစစ်ထိုးပွဲကို ပြဿနာနှင့် တကယ်ပတ်သက်သည့် အကန့် အသတ်ဘောင်အတွင်း၌သာ ပြောတော့သည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို လုံးဝ လက်တုန့်မပြန်နေတော့ လက်ခုပ်သြဘာသံတွေ တန်ဘိုးမရှိသည့် အမှတ်တွေရဖို့ လုံးပမ်းမနေတော့။
      ဒီအခါမှာတော့  တစ်ဖက်လူများကလည်း ကျွန်မတို့ကို အဆင့်အတန်းရှိစွာ ပြန်လည်တုန့်ပြန်လာသည်။ သို့နှင့် နောက်ပိုင်းတွင် ပြဿနာကို ဓမ္မဓိဋ္ဌာန်ကျစွာ ကျိုးကြောင်းစိစစ်၍ ဝေဖန်ဆွေးနွေး နိုင်လာကြသည်။ ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ကော်မတီစည်းဝေခန်းမှ ပြန်ထွက်မလာမီ တစ်ဖက်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ထံသို့ ကျွန်မသွား၍ စကားပြောသည်။
"စကား အခြေအတင်ပြောရင်းနဲ့ ကျွန်မ လူကြီးမင်းကို အပြုအမူအားဖြင့်ဖြစ်စေ၊ စကားလုံး အသုံးအနှုန်းအရ ဖြစ်စေ ထိခိုက်နစ်နာအောင် လုပ်မိခဲ့တာရှိရင် ခွင့်လွှတ်ဖို့ ကျွန်မလာပြီး တောင်းပန်တာပါ"
ဟုဆိုသည့်အခါ သူက ကျွန်မလက်ကို လှိုက်လှဲစွာ ဆွဲကိုင်လှုပ်ယမ်းရင်း -
"ဘာမှ အပြစ်ပြောစရာမရှိပါဘူးဗျာ"  ဟုဆိုလေသည်။
ဂန္ဒီကြီး၏ သြ၀ါဒစကားက ကျွန်မကို ကျွန်မကိုယ်တိုင်၏ရန်မှ နောက်တစ်ကြိမ် ကယ်တင်လိုက်ခြင်း ဖြစ်ပါသည်။ သူ့သြ၀ါဒက ကျွန်မအား ကိစ္စကြီးများ၌သာမက ကိစ္စသေးသေးများမှာပါ အတိုင်းအတာ အနေအထားတွေ သတိပြုတတ်အောင် ထိန်းသိမ်းထောက်ကူပေးခဲ့သည်။
ကျွန်မ မကြာခဏ မက်တတ်သည့် အိပ်မက်ဆိုးတစ်ခု ရှိသည်။
အမျိုးသမီးတော်တော်များများလည်း ကျွန်မနည်းတူ ခံစားဖူးကြမည် ထင်ပါသည်။ အရေးကြီးသော ဧည့်သည်တစ်ယောက် အိမ်ကိုညစာစား ဖိတ်ထားသည်။ ဧည့်သည်တွေ ရောက်လာကြသည်။ အစားအသောက်တွေ တည်ခင်းကျွေးမွေးရတော့မည်။ သို့သော် ဘာဟင်းမှ အဆင့်သင့်မဖြစ်သေး။ လူတစ်ကိုယ်လုံး ဇောချွေးတွေပြန်ပြီးနောက် အိပ်ရာက နိုးလာသည်။ ဒီတော့မှ အိပ်မက်ပဲဟု သိပြီး စိတ်သက်သာသွားမည်။
       များမကြာမီကတော့ အဲဒီအိပ်မက်ထဲကလို အနေအထားမျိုး ကျွန်မအပြင်မှာ တကယ်ကြုံလိုက်ရသည်။ ကျွန်မဖိတ်ကြားထားသည့် ဂုဏ်ထူဆောင်ဧည့်သည်များက ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအီဒင်နှင့် ဇနီး လေဒီအီဒင်။ ဗြိတိန်နိုင်ငံမှာ အိန္ဒိယပြည်၏မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ကျွန်မအဖို့ ဒီဝန်ကြီးချုပ် ဇနီးမောင်နှံထက် အရေးကြီးသော ဧည့်သည်မရှိနိုင်တော့ပါ။ ဒီပွဲအတွက် အစားအသောက် စာရင်းမှသည် စားပွဲပေါ်တွင် သူ့အရောင်အသွေးအလိုက် စီစဉ်နေရာချမည့် ပန်းများ၊ ထွန်းညှိမည့် ဖယောင်းတိုင်များအထိ အစီအစဉ် အသေးစိတ်တွေ တိကျသေချာအောင် ရေးဆွဲပြင်ဆင်ခဲ့ပါသည်။
       ဧည့်သည်များရောက်လာသည်။ အဖျော်ယမကာတွေ နှစ်ကြိမ်ထည့်ပေးပြီးပြီဆိုသည့်အခါ ဘဏ္ဍာစိုး အားညစားကြေညာရန် ကျွန်မ အချက်ပြလိုက်သည်။ ဒီနောက် အစားအသောက်တွေ စောင့်မျှော် နေကြသည်။ သို့သော် ရောက်မလာ၊ အဖျော်ယမကာသာ တတိယအကြိမ် ဖြည့်တင်းပေးပြန်သည်။ ကျွန်မ မနေနိုင်တော့၊ ဧည့်သည်များထံ ခွင့်ပန်ကာ မီးဖိုချောင်ထဲ ကသောမျောပါး ပြေးလာခဲ့သည်။
      မီးဖိုခန်းထဲမှာ မြင်ရသည့်မြင်ကွင်းကြောင့် ကျွန်မ အံ့အားသင့်သွားသည်။ ထမင်းချက် အကူမိန်းကလေး ကအခန်းထောင့်တစ်နေရာမှာ မျက်စိပျက် မျက်နှာပျက်လျက် ရပ်နေသည်။ အိမ်ဖော်အမျိုးသမီးကြီးကတော့ နောက်တစ်ထောင့်မှာ။ ကျွန်မ၏ စားဖိုမှူးကတော့ စားပွဲမှာထိုင်ကာ လက်က ဟင်းချိုဇွန်းကို ဝှေ့ယမ်းလျက် ခြေထောက်က စည်းချက်လိုက်လျက် သီချင်းဆို၍နေသည်။ သူ့မျက်လုံးတွေက ရီဝေကာ စိတ်အာရုံများ ကတော့ဘယ် ကမ္ဘာဆီရောက်နှင့်လေသည်မသိ။ စားပွဲပေါ်တွင်ကား ကြက်သားတုံးတွေ ပြန့်ကျဲလျက် ရှိသည်။  ကျွန်မ ခြေတွေလက်တွေ မသယ်နိုင်အောင် ဖြစ်သွားသည်။ သို့သော် တတ်နိုင်သမျှ အသံမှန်အောင် ထိန်းရင်းမေးသည်။
"ညစာ ဘာဖြစ်လို့ အဆင်သင့် မဖြစ်သေးတာလဲ"
"ပြီးနေပါပြီဆရာမ၊ အားလုံး အဆင်သင့် ဖြစ်နေပါပြီ"
စားဖိုမှူးက အရှိန်မသေသေး၊ သီချင်းဆိုသံနှင့်ဖြေသည်။
"အားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ ထိုင်ကြပါ၊ အားလုံးထိုင်ကြပါ"
အာလေးလျှာလေးသံနှင့် စာဖိုမှူးပြောသည်။
ကျွန်မ အကြီးအကျယ် ဒေါသထွက်သွားသည်။
"ရှင်- အခုချက်ချင်း ထွက်သွားစမ်း၊ ရှင့်ကိုထုတ်လိုက်ပြီ"
ဟူသောစကားကို ကျွန်မအော်ပြောမိတော့မည့်ဆဲဆဲ၊ လျှာဖျားလေးပေါ်ရောက်နေပြီ။ ဒီအခိုက်ကလေးမှာပင် ကျွန်မကို စိတ်တည်ငြိမ်အောင် အကြိမ်ကြိမ်ထိန်းပေးနိုင်ခဲ့သည့် သြ၀ါဒစကားကို ကျွန်မချက်ချင်း အမှတ်ရလိုက်သည်။ ငါဒီနေရာမှာ ဒေါသမထိန်းနိုင်ရင် ငါပဲ အကျပ်အတည်းကြုံရမှာဟု ကျွန်မသဘောပေါက်လိုက်သည်။ ကိုယ့်ကိုယ်ကို တတ်နိုင်သလောက် တည်ငြိမ်အောင်ထိန်းပြီး -
"ကဲ - တစ်ခုခု မြန်မြန်လေး ပေးနိုင်အောင် လုပ်ကြစမ်းပါ"
ဟူ၍သာ တိုက်တွန်းလိုက်ရသည်။ အားလုံး အလျင်အမြန်လှုပ်ရှားလိုက်ကြသည်။ ဟင်းပွဲတွေတည်ခင်းသည့် အခါ မူလကပေးထားသည့် Menu နှင့်သိပ်မကိုက်ညီသဖြင့် တောင်းပန်ရသည်။ သို့သော် မီးဖိုချောင်မှ ဖြစ်ပျက်ပုံကို ပြောပြသည့်အခါမှာတော့ ဧည့်သည်များထံမှ အံ့သြသံတွေ တစ်ပြိုင်နက်တည်း ထွက်လာကြ သည်။
"အရက်မူးနေတာတောင် ဒီလောာက်ကောင်းအောင် ချက်နိုင်တယ်ဆိုတော့ မူးများ မမူးရင် ဘယ်လိုများနေ လေမလဲမသိဘူး"
တစ်ယောက်ကဆိုသည်။ ကျွန်မ စိတ်သက်သာယာရသွားပြီး ရယ်လိုက်သည့်အသံက ငိုသံထွက်နေသလိုလို။ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေမှာ ကယောက်ချောက်ချားမဖြစ်အောင်တော့ ကျွန်မထိန်းနိုင်ခဲ့သည်။ ညစာစားပွဲ ဟူသည် ဘယ်လောက်အရေးကြီးတယ်ဆိုစေ သေရေးရှင်ရေးလောက်အထိတော့ လုံးဝ မဟုတ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်မိပါသည်။
        ကိစ္စတစ်ခု၏ အတိုင်းအတာ အကန့်အသတ်ကို သိတတ်ရေးသည်လည်း နှလုံးသားတွင်း၌ ဒေါသအာဃာတ ကင်းစင်ရေးနည်းတူ အရေးကြီးလှပါသည်။
      "မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကိုဒုက္ခမပေးနိုင်ပါဘူး"
ဟူ၍ မဟတ္တမဂန္ဒီကြီး ဆုံးမပြောဆိုခဲ့သည်။ သူ့သြ၀ါဒစကားက ကျွန်မအတွက်သာမက အခြားမည်သည့် အလုပ်အကိုင်မျိုးရှိသူအတွက်မဆို အဖိုးတန်သောစကား၊ အနက်အဓိပ္ပါယ်ပြည့်ဝသောစကား ဖြစ်ချေသည်။
Read more »
Wednesday, December 23, 2009
ကိုယ့်ကိုယ်ကိုမနှိပ်စက်ပါနဲ့
ကျွန်မဘ၀အတွက် အဘိုးတန်ဆုံးသော သြ၀ါဒစကားကို လွန်ခဲ့သော ၁၀နှစ်ခန့်က ကျွန်မ ကြားနာခဲ့ရသည်။ ဆုံမစကားပြောကြားသည့် ပုဂ္ဂိုလ်က ကမ္ဘာ့အကြီးမြတ်ဆုံး လူသားတစ်ဦးဖြစ်သူ မဟတ္တမဂန္ဒီ ဖြစ်သည်။
လူဆိုသည်က လူသားအချင်းချင်းအပေါ် မယုံကြည်နိုင်စရာ ဖြစ်လာရသည့်အခါမျိုးတွင် အကြီးအကျယ် စိတ်ပင်ပန်းဆင်းရဲ ရမြဲဖြစ်ပါသည်။ အဲဒီအချိန်က ကျွန်မလည်း အဲဒီ အနေအထားမျိုး ကြုံကြိုက်ခဲ့ရသည်။
ခင်ပွန်းသည်က မကြာခင်ကမှ ကွယ်လွန်သွားခဲ့ပါသည်။ သွားလေသူအတွက် ပူဆွေးသောကတွေ ကြီးမား နေဆဲမှာပင် ကျွန်မဘ၀ကို ချိုးနှိမ်ပစ်လိုက်သည့် ကိစ္စကြီးတစ်ခု ထပ်ဆင့်ပေါ်ပေါက်လာပါသည်။
     အိန္ဒိယနိုင်ငံဥပဒေ၏ ရှေ့မှောက်၌ ကျွန်မမှာ တသီးပုဂ္ဂလရပ်တည်ပိုင်ခွင့် မရှိဆိုတာ ဘွားကနဲ တွေ့လိုက်ရခြင်းဖြစ်သည်။ အခြားသော အိန္ဒိယတိုင်းရင်းသူများစွာနည်းတူ ကျွန်မလည်း နိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုကြီးတွင် ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး ဒုက္ခဆင်းရဲခံကာ ပါဝင်ခဲ့ပါသည်။ သို့သော် ဒီအရေးကိစ္စကြီး ထမြောက်အောင်မြင်ပြီဆိုသည့်အချိန်၌ ကျွန်မတို့မိန်းမတွေက တရားဥပဒေကိစ္စနှင့် ပတ်သက်လာလျှင် ယောက်ျားများနှင့် ဆက်စပ်၍သာ စဉ်းစားဆုံးဖြတ်ခံရသည့် အခြေအနေမှာပဲ ဆက်လက်တည်ရှိဆဲ ဖြစ်နေသည်။ ယခု ကျွန်မက သားယောက်ျား မွေးမထားသည့် မုဆိုးမတစ်ဦး ဖြစ်သွားပြီ ဆိုသည့်အခါ မိသားစုပိုင် ပစ္စည်းများကို ကျွန်မ တစိုးတစိမျှပင် ဆက်ခံပိုင်ဆိုင်ခွင့် မရှိတော့။ ကျွန်မသာမဟုတ် ကျွန်မသမီးသုံးယောက်သည်လည်း လုံးဝ ခံစားပိုင်ခွင့်မရှိ။
       ဒီလောက် မတရားဖြစ်ရကောင်းလားဟု ကျွန်မ အကြီးအကျယ်ဒေါသထွက်မိသည်။ ဒီလိုခေတ်နောက်ကျလှသည့် ဥပဒေမျိုးကို နှစ်သက်လက်ခံနေသည့် ကျွန်မ မိသားစု အသိုင်းအ၀ိုင်းကိုလည်း ကျွန်မတကယ် နာကြည်းသွားခဲ့သည်။ အဲဒီအချိန်လောက်မှာ ကျွန်မ ဂန္ဒီကြီးနှင့် တွေ့ဆုံခဲ့သည်။ အမေရိက မှာကျင်းပသည့် ပစိဖိတ်ဆက်ဆံရေး ကွန်ဖရင့်သို့ တက်ရောက်ရန် မထွက်ခွါမီ ကျွန်မသွားရောက် နှုတ်ဆက် ဂါရ၀ပြုခြင်းဖြစ်သည်။ နိုင်ငံရေးကိစ္စပြောဆိုပြီးသောအခါ သူက မေးသည်။
            "ဆွေမျိုးတွေနဲ့ သင့်သင့်မြတ်မြတ် ပြန်ဆက်ဆံဖြစ်ပြီလား" တဲ့။
ရုတ်တရက် ကျွန်မ အံ့အားသင့်သွားသည်။ သူ ကျွန်မနှင့် ဆန့်ကျင်ဘက် ရပ်တည်လိမ့်မည်ဟု ကျွန်မ လုံးဝ မယူဆခဲ့။
"ကျွန်မ ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး၊ ဒါပေမယ့် အဲဒီခေတ်နောက်ပြန်ဆွဲတဲ့ ဥပဒေဟောင်းကြီးကို ခုတုံးလုပ်ပြီး ကျွန်မကို အမြတ်ထုတ်တဲ့ လူတွေ၊ ကျွန်မ ဒုက္ခရောက်အောင် နိမ့်ပါးအောင်လုပ်ကြတဲ့လူတွေနဲ့တော့ ကျွန်မ လုံးဝ အဆက်အဆံလုပ်မှာ မဟုတ်ဘူး"
         ကျွန်မဖြေကြားချက်ကို နားထောင်ပြီး သူတစ်ဖက်လှည့်သွားသည်။ ပြတင်ပေါက်မှ အပြင်သို့ အတန်ကြာငေးနေသည်။ ထို့နောက် ကျွန်မဘက်သို့လှည့်ကာ ပြုံး၍ စကားဆိုသည်။
        "ဘာပဲဖြစ်ဖြစ် သူတို့ဆီတော့ သွားပြီးနှုတ်ဆက်လိုက်ပါ၊ ယဉ်ကျေးမှုနဲ့ လူမှုကျင့်ဝတ်အရ လုပ်ရမယ့် ကိစ္စပဲ၊ တို့အိန္ဒိယမှာ ဒီအလေ့အကျင့်လေးတွေ တန်ဘိုးထားကြတုန်းဘဲကွဲ့"
        "ဟင့်အင်း - ကျွန်မကို ဒုက္ခပေးချင်တဲ့ လူတွေဆီတော့ ဘဘကြီးကျေနပ်အောင်လည်း ကျွန်မ မသွားနိုင်ဘူး"
ကျွန်မ အပြတ်ငြင်းသည်။
" မင်း ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မင်းကို ဒုက္ခမပေးနိုင်ပါဘူးကွဲ့"
ဂန္ဒီကြီးက ပြုံး၍ပင်ပြောသည်။
"မင်း ရင်ထဲမျာ အာဃာတတွေ သိပ်များနေတာ ဘဘမြင်နေရတယ်၊ ဒါတွေကို မထိန်းချုပ်နိုင်ရင် မင်းမှာ အန္တရာယ်ဖြစ်လာမယ်"
ကျွန်မနှုတ်ဆိတ်နေသည့်အခါ သူက ဆက်ပြောသည်။
"မင်း --- အခုဒီမှာ စိတ်မချမ်းသာဘူး၊ ဒီပတ်ဝန်းကျင်နဲ့ဝေးချင်တယ်၊ အဲဒါကြောင့်မို့လို့ တိုင်းပြည်အသစ် တစ်ခုကို သွားမှာမဟုတ်လား၊ ဒါပေမယ့် ဒီလူတွေဆီကသာ လွတ်မြောက်နိုင်မယ်၊ မင်းကိုယ်တိုင်ဆီက မင်းလွတ်မြောက်နိုင်မလား၊ ရင်ထဲမှာ ဒေါသအာဃာတတွေ ရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့ နိုင်ပါ့မလား၊ ပြန်စဉ်းစားကြည့်ပါဦး၊ နည်းနည်းလေးတော့ လျော့လိုက်ပါ၊ မင်းမှာ ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးခဲ့ရတယ်၊ ဒါနဲ့တင်ပဲ ၀မ်းနည်းပူးဆွေးခဲ့ရပြီပဲ၊ ကိုယ့်ကိုယ်ကို ဘာလို့ ဆင်းရဲဒုက္ခထပ်ပေးနေဦးမှာလဲ၊ ကိုယ်နှလုံးသားကို ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ္တိမမွေးနိုင်ရင် ကိုယ်ပဲ ဆက်ပြီးထိခိုက် နာကျင်နေဦးမှာပဲ"
သူ့စကားတွေ ကျွန်မနားထဲ စွဲကျန်ခဲ့သည်။
Sunday, December 20, 2009
သူတို့အမြင်
အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၄င်းသည် ဗုဒ္ဓဘာသာဖြစ်ပေလိမ့်မည်။
(Albert Einstein)
ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ် ပြောပါဟု သင်က ကျွန်ုပ်အားတိုက်တွန်းခဲ့သော် ကျွန်ုပ်စိတ်ပါလက်ပါ စာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သောဘာသာဖြစ်သည်" ဟု မဆိုင်းမတွအဖြေပေးရမည်ဖြစ်ပါသည်။
 (Rabindranath Tagroe)
သန့်ရှင်းသော နည်းနာနိဿယျနှင့် မြင့်မြတ်သော သင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွတ်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။
(H.G. Wells)
ပြစ်မှုကျူးလွန်သူသည် ဘုရားသခင်ထံတောင်းပန် အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမှုတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဘာသာဝင်အစစ်တို့က မယုံကြည်ချေ။
(John Walters)
ကျွန်ုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမှု ၀ိုင်းဝိုင်းလည်နေသည့်ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမှု အမှန်တကယ် ရရန်အတွက် ဗုဒ္ဓ၏ ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြည့်ဖို့ သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမှုကို အမှန်တကယ် ဖြစ်စေနိုင်ပါသည်။
(John Walters)
သက်ရှိသတ္တ၀ါများကို မညှင်းဆဲရန် နတ်ဘုရားများအထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များ ရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။
(Prof. Phys Davids)
မည်သည့်ဘာသာကိုမျှ ကျွန်ုပ် လက်ခံယုံကြည်နိုင်ခြင်းမရှိပါ။ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက် တစ်စုံတစ်ခုသော ဘာသာကိုလက်ခံရန် အကြောင်းများပေါ်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ "ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။
(Bertrand Russell)
ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆိုင်ရာ ဘုရားသခင်(သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှ မပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖေါ်ကြေငြာခဲ့သည်။
(Prof. Eliot)
ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ပဲ တပည့်သာဝကတို့ကို အသိဉာဏ်အလင်း ရရှိစေရန် တရားဟောခြင်းဖြစ်သည်။
(A Western Writer)
Saturday, December 19, 2009
ဗုဒ္ဓအထုပ္ပတ္တိအကျဉ်း
လူအမည်               - သိဒ္ဓတ္ထ
ဘုရားဘွဲ့               - ဂေါတမ
အဘအမည်             - သုဒ္ဓေါဒန (ဘုရင်)
အမိ အမည်              - မာယာဒေ၀ီ (မိဖုရား)
မိထွေးတော်              - ပဇာပတိဂေါတမီ
ကြင်ယာတော်            - ယသော်ဓရာ(ဘဒ္ဒကဉ္စနာ)
ရင်သွေးတော်            - ရာဟုလာ
ယောက်ဖတော်          - ဒေ၀ဒတ်
နေပြည်တော်             - ကပ္ပိလ၀တ်ပြည်( သက္ကတိုင်း၊ မဇ္ဈိမဒေသ)
မွေးဖွားရာဌာန            - လုမ္ဗိနီဥယျာဉ် (ကပ္ပိလ၀တ်နှင့် ဒေ၀ဒဟ အကြား)
နန်းစံနှစ်                   - သက်တော် ၁၆နှစ်မှ ၂၉နှစ်အထိ(၁၃နှစ်)
နိမိတ်လေးပါး             - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
ဗျာဒိတ်ခံယူခဲ့သော ဘ၀ - သုမေဓာရသေ့ဘဝ
ဗျာဒိတ်ပေးခဲ့သော ဘုရား - ဒီပင်္ကရာမြတ်စွာဘုရား
ဗျာဒိတ်ခံယူခဲ့သောနေ့     - ကဆုန်လပြည့်နေ့
ပါရမီဖြည့်ဖက်              - သုမိတ္တာ အမျိုးသမီး (ယသော်ဓရာအလောင်း)
ပါရမီဖြည့်ရာကာလ        - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် - သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ကရစရိယာကျင့်ရသောနှစ်  - ၆ နှစ်
ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေဠတော
ဘုရားဖြစ်ချိန် သက်တော်      - ၃၅ နှစ်
ဘုရားပွင့်ရာ လူ့သက်တမ်း    - နှစ် ၁၀၀ တမ်း (ယ္ခု ၇၅ နှစ်တမ်း)
အလုပ်အကျွေး                   - ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ)
ပထမဆုံး တရားဟောသည့်နေရာ  - မိဂဒါဝုန်တော၊ ဗာရာဏသီပြည်
ပထမဆုံးဟောသည့်တရား     - ဓမ္မစက္ကပ၀တ္တနသုတ္တန်( ဓမ္မစကြာတရားတော်)
ပထမဆုံး တရားသိမြင်သည့်သာဝက  - ကောဏ္ဍညမထေရ် (ပဉ္စ၀ဂ္ဂီငါးဦးမှ )
နောက်ဆုံး တရားသိမြင်သည့်သာဝက - သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက        - အသျှင်သာရိပုတ္တရာ
လက်ဝဲရံ အဂ္ဂသာဝက           - အသျှင်မဟာမောဂ္ဂလာန်
သန္ဓေယူသောနေ့             - မဟာသက္ကရာဇ် ၆၇ ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့
ဖွားမြင်သောနေ့               - မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်၊ သောကြောနေ့
တောထွက်သောနေ့          - မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့် ၊ တနင်္လာနေ့
ဘုရားဖြစ်သောနေ့            - မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ၊ ဗုဒ္ဓဟူးနေ့
ဓမ္မစကြာတရားဦးဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃ ခု၊ ၀ါဆိုလပြည့် ၊ စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့                - မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လဆုတ် ၁၂ ရက်၊ တနင်္ဂနွေနေ့
ဆရာတော်ဦးပညာသာမိ
Friday, December 18, 2009
ဘ၀မှရရှိသောသခန်းစာ
(၁) နှိမ့်ချ ပြက်ရယ်ပြုခြင်းကို အမြဲတစေခံရသောကလေးသည် တွန့်ဆုတ်ကြောက်ရွံ့လေ့ရှိ၏။
(၂) ပြစ်တင်ရှုံ့ချခြင်းကို အမြဲတစေခံရသောကလေးသည် သူတစ်ပါးကို အပြစ်ရှာလေ့ရှိ၏။
(၃) အမုန်းနှင့် ထိတွေ့နေရသော ကလေးသည် သူတစ်ပါးကို ရန်မူတတ်လေ့ရှိ၏။
(၄) မေတ္တာဖြင့်ထွေးပိုက်ခြင်း မခံရသောကလေးသည် သူတစ်ပါးကို ရန်မူနေလေ့ရှိ၏။
(၅) ထောက်ခံအားပေးမှုကို ခံရသောကလေးသည် မိမိ၏စွမ်းရည်ကို အားထားယုံကြည်လေ့ရှိ၏။
(၆) ချီးမြှင့်မြှောက်စားခြင်းခံရသောကလေးသည် သူတစ်ပါး၏ ကျင့်ကြံဆောင်ရွက်ချက်ကို  
     တန်ဘိုးထားလေ့ရှိ၏။
(၇) အေးအတူပူအမျှစိတ်ထားရှိသူနှင့် နေရသောကလေးသည် သူတစ်ပါးအပေါ် စာနာတတ်လေ့ရှိသည်။
(၈) သည်းခံတတ်သူနှင့် ထိတွေ့နေရသောကလေးသည် သူတစ်ပါးကိုခွင့်လွှတ်တတ်၏။
(၉) ဗဟုသုတရှာမှီးတတ်သူနှင့်နေရသောကလေးသည် ပညာ၏တန်ဘိုးကို သိရှိလာတတ်၏။
(၁၀) ပျော်ရွှင်သော အပေါင်းအသင်းစုနှင့် နေရသောကလေးသည် မေတ္တာနှင့်လှပခြင်းကို ရှာဖွေတွေ့ရှိ တတ်၏။
မူရင်း
မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာ၊ ကျိုင်းတုံမြို့။
Thursday, December 17, 2009
ဟိံသက
ဆရာဖြစ်သူ၏ အထင်လွဲခြင်းခံရသူတစ်ယောက်အကြောင်းပါ..။
ဟိုရှေးတုန်းကတော့ ခုလိုတက္ကသိုလ်တွေများစွာမရှိသေးတော့ တိုင်းပြည်တခုခုက ပညာတတ်ဆရာကြီးတစ်ဦးဦးဆီမှာ သွားပြီး ပညာသင်ကြားကြရပါတယ်။ အဲဒီလို ပညာသင်တဲ့အထဲမှာ
ဟိံသက တစ်ယောက်လည်း ပါပါတယ်။ သူက အလိုက်သိလွန်းတဲ့ တပြည့်တစ်ယောက်ပါ။ ဆရာကချစ်သလို ဆရာကတော်ကလည်းဖူးဖူးမှုတ်ထားပါတယ်။ အဲဒီလိုအလိုက်သိလွန်းမှုက သူ့ကိုဆိုးဝါး စေတာပါပဲ။ အတတ်ပညာတစ်ခုမှာ ဆရာကတော်က ဆရာထက်ပိုတော်ပါတယ်။ သူသားလိုချစ်တဲ့
ဟိံသက ကိုပညာကုန်သင်ပေးပါတယ်။ ဆရာနဲ့ ဆရာမနှစ်ယောက်စလုံးရဲ့ မေတ္တာတွေကိုရထားတော့ တခြားကျောင်းသားတွေရဲ့ ၀န်တို မနာလိုမှုဆိုတာကလည်း လောကသဘာဝ ရှိလာတာပါပဲ။ ဒီတော့ ဆရာနဲ့ ဟိံသက ကို အထင်လွဲအောင်ပြောဆို ဂုံးတိုက်ကြပါတယ်။ "တိုက်ပါများတော့ နဲ့" ဆိုသလို ဆရာ အမှန်တကယ်ယုံသွားပါတယ်။ ဆရာမရဲ့ ပညာကုန်ရထားတဲ့ ဟိံသကဟာလည်း အဲဒီ အတတ်ပညာ တစ်ခုမှာဆရာ့ထက် ပိုတော်သွားတာကို ဆရာသိတဲ့အချိန်မှာတော့ ဆရာဖြစ်သူမခံစားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ပညာစုံလို့ ဌာနေပြန်ချိန်ကြတော့ ဟိံသကရဲ့ ကန်တော့မှုကို လက်မခံပါဘူး။ ဆရာမနဲ့ စွပ်စွဲပါတယ်။ သူမဟုတ်ကြောင်း အတန်တန်ငြင်းပေမယ့် မရပါဘူး။ ကောက်ကျစ်တဲ့ဆရာဟာ သူ့ထက် ပညာတော်တဲ့ တပြည့်ကို ဥပါယ်တမျဉ်နဲ့ -
"မင်း လူလက်ညှိုးတစ်ထောင်နဲ့ ကန်တော့ရင် ယုံကြည်မယ်" လို့ပြောလိုက်ပါတယ်။ လူရဲ့လက်ညှိုးတစ်ထောင်ရဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလက်ညှိုးတွေရဖို့ လက်တွေလိုက်ဖြတ်၊ လူတွေသတ်နဲ့ နောက်ဆုံး လူတွေအားလုံး ကြောက်ရွံ့ပြီး စစ်တပ်နဲ့ လိုက်ပြီးနှိမ်နှင်းခြင်းခံရပါတော့တယ်။ ဒါပေမယ့် သူဟာ ဒီဘ၀က နောက်ဆုံးဘ၀(ပစ္ဆိမဘ၀ိက)ဖြစ်တာမို့ မြတ်စွာဘုရားနဲ့ တွေ့ပြီး ရဟန္တာဖြစ်သွားပါတယ်။ သူရဟန်းဖြစ်ပေမယ့် အတိတ်က လူသတ် လက်ညှိုးဖြတ်လုပ်ခဲ့တဲ့ အကျိုးကလိုက်လာပါတယ်။ သူဆွမ်းခံထွက်တိုင်း ဆွမ်းမရပဲ အုတ်ခဲကျိုး၊ တုတ်၊ ခဲတွေသာရပါတယ်။ ဒါပေမယ့် သူကတော့ ဘယ်လိုမှ မနေပါဘူး။ ဒီလိုနဲ့ ခက်ခက်ခဲခဲ ဆွမ်းခံစားရင်း တစ်နေ့မှာ မီးမဖွားနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ဦးကို တွေ့ခဲ့ပါတယ်။ ကိုယ်ဝန်သည်မိခင်ရဲ့ မွေးဖွားခြင်းဆင်းရဲလှပုံကို မြင်တဲ့အခါ အလွန်သနားသွားပြီး အဲဒါကို ဘယ်လိုကူညီရင်ကောင်းမလဲ အမြဲတွေးပါတော့တယ်။ ဒီလိုနဲ့ မြတ်စွာဘုရားနဲ့တွေ့တော့မှာ အကျိုးအကြောင်းလျောက်ထားပြီး အဲဒါကို ဘယ်လိုကူညီရင်ရမလဲ မေးလျောက်ပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားက ဟိံသကရဲ့သစ္စာကိုအဓိကထားပြီး ပရိတ်ဂါထာတပုဒ် ချီးမြှင့်ပါတယ်။ အဲဒီပရိတ်ကို ရွတ်ဖတ်ပြီး ပရိတ်ရေကို ကိုယ်ဝန်သည်ကိုတိုက်ပါက လွယ်ကူစွာ ဖွားမြင်လေသည်။
အဲဒီအချိန်ကစပြီး မထေရ်မြတ်ကြီးလည်း ဆွမ်းကွမ်းအတွက် မပူပင်ရတော့ပါဘူး။ ကိုယ်ဝန်သည်များလည်း ချမ်းသာယာရကြပါတော့တယ်။
အိမ်ထောင်သည်များ အမျိုးသမီးများကျက်မှတ်ထားသင့်ပါတယ်။ ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလျှင် မပြတ် ရွတ်ပေးသင့်သည်။ တိရိစ္ဆာန်မများ မွေးရလွယ်အောင်လည်း ဤပရိတ်ရေကိုတိုက်ပြီး ကူညီပေးနိုင်သည်။
အင်္ဂုလိမာလသုတ်ပါဠိတော်
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊ နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿယံ။
ဤ အဂုင်္လိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့်နေရာကို ဆေးကြောသည့်ရေသည်ပင်လျှင် ဘေးရန်ဟူ သမျှကို ပျောက်ကင်းစေတတ်၏
၂။ သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ' ဂုင်္လိမာလဿ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အဂုင်္လိမာလ ပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်း ဖွားစေနိုင်သော အစွမ်းရှိ၏။ အဂုင်္လိမာလ အမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရားဟောကြားသော ပရိတ်တော်ဖြစ်၏။ အာယုကပ်ပတ်လုံးလည်း တည်၏။ တန်ခိုးလည်း အလွန်ကြီး၏။ ထိုပရိတ်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
၃။ ယတော' ဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ။
တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ။
"အို...နှမ ငါသည် အရိယာဇာတ် ရဟန်းမြတ်ဖြစ်သောအခါမှ စ၍ သေစေလိုသော စေတနာဖြင့် သတ္တ၀ါတစ်ကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ" ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အား ချမ်းသာပါစေ၊ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ..။
အားလုံး လွယ်ကူစွာ ဆောင်ရွတ်နိုင်ကြပါစေ...။
Friday, December 11, 2009
"မဖြစ်နိုင်ဘူးဆိုတာ ... သေချာပီလား"
           အဲဒီနေ့က အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လည်စာစားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးတိုးကျဲတဲနှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေးထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြ သဘောကျကာ ငေးကြည့်နေမိသည်။ အဲဒီတုန်းက ကျွန်တော်ကျောင်းသားလေးပဲ ရှိသေးသည်။
ဒီအခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့ဆီ ရုတ်တရက်ထိုးပေးသည်။
'လုပ်ကွာ ချာတိတ် မှုတ်ကြည့်စမ်း'
'ကျွန်တော် မမှုတ်တတ်ဘူးခင်ဗျ'   ကျွန်တော်က ငြင်းသည်။
လူကြီးက ကျွန်တော့ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ -
"ဘယ်ဟုတ်မလဲ ကလေးရ၊ မှုတ်သာကြည့်စမ်းပါ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ"
ဟုဆိုသည်။ အဲဒီနောက် သူက ကျွန်တော့တစ်သက်တာအတွက် တန်ဘိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။
"ကိုယ်တကယ် လုပ်မကြည့်သေးပဲနဲ့ ကျွန်တော် လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့" ဟူ၏။
တစ်နေ့မှာ စန္ဒယားဆရာက အမေ့ထံ စာတစ်ဆောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့် ပတ်သက်၍ မညှာမတာရေးထားသည့် စာဖြစ်သည်။
'ခင်ဗျားရဲ့သား လက်စဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာ မဟုတ်ဘူး၊ ကျွန်တော်သူ့ကို နောက်ထပ် မသင်နိုင်တော့ပါ' တဲ့။
ဒီစာကိုဖတ်ပြီးနောက် ဟိုအလုပ်သမားကြီးပြောခဲ့တဲ့ စကားကို ကျွန်တော် ပြေးသတိရသည်။ စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍မရနိုင်ဆိုတာ သေချာအောင်မှ မစမ်းသပ်ကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါကြိုးစားမယ်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။
အဲဒီနှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့အိမ်နားမှာ ဂစ်တာသမား တစ်ယောက်ရှိရာ အဲဒီလူတီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းတွေ ဘယ်အနေအထားထး၍ တီးလျှင် ဘယ်အသံထွက်သည်ဆိုတာမှတ်သားကာ ၄င်းအတိုင်း တပ်တူလိုက်တီးကြည့်ခြင်းဖြစ်သည်။ သင်ယူရသည့်အချိန်တာက ကြာရှည်လှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့အဖို့တော့ ကိုယ်ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်မည့် တူရိယာပစ္စည်းတစ်ခုကို တွေ့ရှိခဲ့ခြင်းပဲဖြစ်သည်။
အသက်နှစ်ဆယ်အရွယ်မှာ ကျွန်တော်က ကျွန်တော့ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်း တစ်ခု ဖွဲ့စည်းခဲ့သည်။ ပြီးအောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက် ရောက်တော့ နာမည်ကြီး တီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွတ်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းမဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင် အချိန်မပေးနိုင်လောက်အောင် သူတို့အလုပ်များ နေကြသည်။
တစ်နေ့ ဘရော့ဒ်ဝေး သဘင်ဂီတလမ်းမ အဆောက်အဦကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့ သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယား အဖွဲ့ခေါင်းဆောင် ဖရက်(ဒ)၀ါရင်း ဓာတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် ဒီလူ့ကို ဒီနေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်သည်။ ကျွန်တော့အဖွဲ့သားတစ်ယောက်က လန့်သွားသည်။ 'ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ' ဟု ဆိုသည်။
"တကယ်ဖြစ် မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ" ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင် လိုက်သည်။ ကံအားလျော်စွာ ဓာတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့ လက်သံကြားရသည့် အခါ ဖရက်(ဒ်) အံ့အားသင့်သွားသည်။ ဓာတ်လှေကားရောက်လာ၍ လှေကားထဲ သူမ၀င်မီမှာပင် ကျွန်တော်တို့ 'လက်(စ)ပေါလ် သုံးယောက်ဝိုင်း' ကို သူငှားရမ်းပြီး ဖြစ်သွားလေသည်။
ထို့နောက် နှစ်ပေါင်းအတော်ကြာအောင် ကျွန်တော်ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုး အဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ ဒီတူရိယာပစ္စည်း တကယ် ထူးခြားပေါ်လွင်လာအောင် မြှင့်တင်ပေး နိုင်မည့်နည်းလမ်းများ ကျွန်တော်မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာ တစ်လက်တည်းနှင့်ပင် ဂစ်တာများစွာ ပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှထွက်လာသည့်အသံမျိုးရအောင် ဖန်တီးရန် နည်းလမ်း ကိုကျွန်တော်တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ်၊ မယ်လိုဒီ၊ ဟာမိုနီ၊ ဘက်ဂရောင်း စသည်တို့ကို တစ်ခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၄င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ (Multiples) ဟု လူသိများနေပြီဖြစ်သည့် နည်းပင်ဖြစ်ပါသည်။
ပထမဆုံး multiple disc များသွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန် ခဲ့သည်။ အိမ်မှာကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေးထိုး ကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက်ကြာပြီးမှ ကျွန်တော့ကိုတွေ့ကြကာ လူနာတင်ယာဉ်နှင့် ဆေးရုံသို့ ယူဆောင်ကြသည်။
 ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့ထိခိုက် ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ်တစ်ချို့ ကျိုးသွားသည်။ ပခုံနှစ်ဖက်လုံးကျိုးသည်။ နှာခေါင်းရိုး ကျိုးသည်။ ညာဘက်လက်မောင်းက သုံးနေရာတိတိ ကျိုးသည်။ အဲဒီနောက် နံရိုးအတော်များများ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။
တစ်နေ့ မနက်မှာ ဆရာဝန်တွေ ကျွန်တော့ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေလို့ ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်ကြောင်း သုံးသပ်ကြသည်။ ဒီလက်ကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံး ဖြစ်လေမလား သူတို့ ဆွေးနွေးကြသည်။
သူတို့ပြောဆိုကြသည့် စကားများ၏ အနက်အဓိပ္ပါယ် အပြည့်အ၀ကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော်နောက်ထပ် ဘာသံမှမကြား၊ ကျွန်တော် စဉ်းစားနေမိတာက လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့ ဂစ်တာသမားဘ၀ ဆုံးပြီ၊ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေထဲကျပြီး ဆိုတာပဲဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူသည့် အလုပ်သမားကြီး ဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည် သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ ခြင်းကြောင့်သာဖြစ်သည်။ ဆံဖြူကျိုးတိုးကျဲတဲနှင့် သူ့ရုပ်သွင်ကို ကျွန်တော်ပြန်မြင်ယောင်လာသည်။ သူ့ သြ၀ါဒစကားတွေ ကျွန်တော် ပြန်ကြားယောင်လာသည်။
သို့နှင့် ကျွန်တော့်ခုတင်နှင့် အနီးဆုံးမှာ ရှိသည့် ဆရာဝန်ကို လှမ်းပြောလိုက်သည်။
'ကျွန်တော် ပြောပါရစေ ဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါအုံး၊ လုံးဝမရတော့ဘူး ဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျော့ကြရအောင်လား ဆရာ'
အဲဒီနောက်မှာတော့ ကျွန်တော့လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက် အရိုးကို လက်မောင်းဆီ ဆက်ပွားပေးနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တတောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တတောင်ဆစ်နားတွင် အရိုးတွေကြေမွသွားသည်ဖြစ်ရာ အဲဒီနေရာတွင် သတ္ထုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ ဒီနေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် ကွေးသည့်အတိုင်း ဆန့်လျှင် ဆန့်သည့်အတိုင်း တသမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်း ထားပေးရန် မေတ္တာရပ်ခံလိုက်သည်။
တကယ် ဂစ်တာတီး၍ ရ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူးဆိုတာ မသေချာမချင်း လက်မလျော့ဘူး ဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲဒီ စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည်၊ စီစဉ်သည်၊ အမျိုးမျိုးအဖုံဖုံ စိတ်ကူးနှင့် တီးခတ်ကြည့်နေသည်။
တဖြည်းဖြည်း ကျွန်တော့ခေါင်းထဲမှာ ဧရာမlongplay disc တစ်ချပ်တည်ဆောက်မိလာသည်။ ကျွန်တော် ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံး ဒီဓာတ်ပြားကြီးထဲမှာ သိုမှီးထားသည်။
ဒီလိုနဲ့ နောက်ဆုံး ကျောက်ပတ်တီးဖြည်ရမည့် အချိန်ဆိုက်ရောက်လာပါသည်။ အဲဒီနောက်တွင် လုံးဝ အချိုးမကျဖြစ်နေသော ကျွန်တော့ညာလက်ကို အရင်တုန်းက သူတတ်သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်ပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက် သုံယောက်ဝိုင်းတစ်ခု ထပ်မံထူထောင် ကာ နယ်ပွဲစဉ်များစတင်သည်။
ဒီလို လုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီးသတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါ သည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော် ပြန်လုပ်နိုင် မလုပ်နိုင်ဆိုသည်က စင်ပေါ် တကယ်တက်ကြည့်မှ သေချာပေါက် သိနိုင်မည်မဟုတ်လား။
တစ်မြို့ပြီး တစ်မြို့၊ တစ်ပွဲပြီး တစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့ သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲဒီ ပြင်းထန်ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလာဒ်ကြီးမား ခဲ့သည်။ ထိခိုက်ဒဏ်ရာမရမီက လက်ကိုမီအောင် ကျွန်တော်ပြန်လည်တီးခတ်လာနိုင်ခဲ့သည်။
ကျွန်တော့ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ ဒီအခါမှာတော့ ကျွန်တော့ဂစ်တာသံမှာ ဇနီးသည် မေရီဖိုဒ့်၏ အဆိုပါ တွက်ဖက်ပါဝင်လာပြီ။ ကျွန်တော်တို့ ဇနီးမောင်နှံ၏ဓာတ်ပြားတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတဆင်ကြသည်။ ဓာတ်ပြားချပ်ပေါင်း (၁၇)သန်းကျော်မျှ ၀ယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်လောကတွင်လည်း ဂစ်တာဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။
           များမကြာမှီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့နည်းတူ ဆိုးဆိုးဝါးဝါး ထိခိုက်အနာ တရဖြစ်သည့်အကြောင်း ကြားသိရသည်။ သူက စန္ဒရားသမားဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝ မတီးနိုင်တော့ပြီ၊ ဂီတပညာရှင်ဘ၀ကို စွန့်လွှတ်ရတော့မည်ဟု ကြားသည့်အခါ ကျွန်တော် သူ့ကိုစာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။
"ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ..."
သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။
'မတတ်နိုင်တော့ဘူးဆိုတာ သေချာလား၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား'
ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။
နောက်ဆုံးတော့ ကျွန်တော့တိုက်တွန်းမှု အောင်မြင်သွားသည်။ သူစန္ဒရားပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့နေသော အနေအထားမှနေ၍ တောက်ပသောအနာဂတ်တစ်ခု သူပြန်လည်တည်ဆောက်နိုင် ခဲ့သည်။
ဒီလိုပဲ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်တော်တို့ ဘ၀တွေမှာ အုတ်နံရံကြီး ကာဆီးသလို ခက်ခဲသော အနေအထားမျိုး ကြုံရတတ်ပါတယ်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့် ပြဿနာမျိုး၊ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး ဒီအနေအထားမျိုးကြုံလာရသောအခါ ငါမတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်၊ ငါမတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာသေချာပီ ဆိုမှသာ လက်လျှော့ပါ။
ကျွန်တော်ကိုယ်တိုင်အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူ အလုပ်သမားကြီး၏ ကျေးဇူး ကြီးမားလှသော သြ၀ါဒစကားကို လိုက်နာခဲ့သည့် အကျိုးကျေးဇူးကြောင့် ကျောက်တုံး ကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည် ဆိုတာတွေ့ရှိ သိမြင်ခဲ့ပြီ ဖြစ်ပါသည်။
Read more »
Wednesday, December 9, 2009
ငွေတစ်ပဲနဲ့ အိမ်ရှေ့မင်းဖြစ်သူ
ရှေးတုန်းက လူတစ်ယောက်ဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်ပါသတဲ့။ သူဟာ အတော်ဉာဏ်ထိုင်းတဲ့ အတွက် ခုနစ်နှစ်တိုင်တိုင် သင်ကြားသော်လည်း မည်သည့်ပညာမှ မတတ်မြောက်ပါဘူးတဲ့။ ဒါနဲ့ သူလည်းစိတ်လျော့ပြီး သူ့ဇာတိရပ်ရွာပြန်တော့မယ်လို့ ဆုံးဖြတ်ကာ သူ့မှာရှိတဲ့ ငွေကလေး တစ်ပဲကိုယူ၊ ဆရာကြီးဆီသွား၊ သူ့ဇာတိရပ်ရွာပြန်တော့မှာ ဖြစ်တဲ့အတွက် လာကန်တော့တဲ့အကြောင်းပြောပြီး အဲဒီ ငွေကလေးတစ်ပဲနဲ့ ဆရာကြီးကို ကန်တော့ပါသတဲ့။ ဒီအခါ ဆရာကြီးက ဒီလောက်သင်တာ ဘာပညာမှ မတတ်ပဲ ပြန်သွားရမလား ဆိုပြီး စိတ်ချဉ်ချဉ် ရှိတာနဲ့ ငွေတစ်ပဲကို ကောက်ယူပြိး "နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး" ဆိုပြီး လွှင့်ပစ်လိုက်ပါသတဲ့။ အဲဒါကို အတော့်ကိုထူတဲ့ တပည့်က အင်း.....ဒါဟာ ဆရာကြီးက ငါ့ကို ပြန်ခါနီးမို့ နောက်ဆုံး ပညာပေးလိုက်တာပဲလို့ တကယ့်ကို ယုံယုံကြည်ကြည်နဲ့ "နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး" ဆိုတဲ့ ဆရာကြီးရဲ့နှုတ်ထွက်စကားကို လေးလေးစားစားမှတ်သားပြီး ဆရာကြီးကို ရှိခိုးကန်တော့ပြီး သူ့ရပ်ရွာ ပြန်ခဲ့ပါသတဲ့။
ဒီလိုပြန်လာလို့ လမ်းခုလတ် တိုင်းပြည်တစ်ခုအရောက်မှာ အဲဒီတိုင်းပြည်က ဘုရင့်သမီးတော်မှာ ဆုံဆို့နာ ဖြစ်နေပါသတဲ့၊ ဒီရောဂါကို ပျောက်အောင်ကုသပေးနိုင်လျှင် ယောင်္ကျားဖြစ်က အိမ်ရှေ့အရာအပ်နှင်းမယ်၊ မိန်းမဖြစ်က မိဖုရားမြှောက်မယ် လို့ မြို့ထဲမှာ လိုက်ကြေငြာနေတာ ကြားတာနဲ့  ဘာမှ မတတ်တဲ့အဲဒီလူဟာ
သူကုနိုင်တဲ့အကြောင်း မင်းချင်းတွေကို ပြောသတဲ့။ မင်းချင်းတွေလည်း နန်းတော်ကိုခေါ်သွားတာပေါ့။ နန်းတော်ရောက်လို့ သမီးတော်ရောဂါပျောက်အောင် သူကုနိုင်ကြောင်း ဘုရင်ကြီးကို လျောက်ထားတဲ့အခါ ဘုရင်ကြီးက ကုစေလို့ အမိန့်ချလိုက်တာနဲ့ သမီးတော်ကို ကန့်လန့်ကာစေပြီး ဆုံဆို့နာဖြစ်တဲ့ သမီးတော်ကို ပက်လက်အိပ်စေကာ သူက ခေါင်းရင်းဘက်က ထိုင်ပြီး သူ့ဆရာကြီး နောက်ဆုံးပေးလိုက်တဲ့ ဂါထာကို "ဥုံ" ခံပြီးရွတ်ဖတ်ပါသတဲ့။ "ဥုံ နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး"၊ "ဥုံ နင့်ငွေတစ်ပဲ ဗြဲမှ မယူဘူး"လို့ အကြိမ်ကြိမ်ရွတ်ဆို မန်းမှုတ်ပါသတဲ့။ ဒီအခါ သမီးတော်ဟာ ငိုအားထက်ရယ်အားသန်ဆိုသလို အနာကိုမကုပဲ အဲဒါပဲ အကြိမ်ကြိမ်ရွတ်ဆိုနေတာကို သဘောကျပြီး အနာနာနေတာကို သတိမရပဲ တအစ်အစ်နဲ့ ရယ်ပါလေရောတဲ့။ ဆုံဆို့နာဆိုတာ လည်ချောင်းထဲမှာပေါက်တဲ့ အနာမျိုးဆိုတော့ ရယ်တဲ့အခါ လည်ပင်းကို အစ်သလိုဖြစ်ပြီး အနာကို ညှစ်လိုက်သလိုဖြစ်တာကြောင့် ပြည်မှည့်နေတဲ့အနာဟာ ပြည်ပေါက်ပြီး ပျောက်သွားပါရောတဲ့။
ဒါနဲ့ ဘုရင်ကြီးလည်း သူ့စကားအတိုင်း အဲဒီလူကို အိမ်ရှေ့အရာ အပ်နှင်းပြီ သမီးတော်နဲ့ ထိမ်းမြားလက်ထပ် ပေးလိုက်ပါသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်မှာ ဘာမှမဟုတ်တဲ့ ဆရာ့စကားကို အလေးအနက်ယုံကြည်မှုနဲ့ ရွတ်ဆိုတဲ့သူတောင် အိမ်ရှေ့မင်းဖြစ်ပါတယ်။ ရွတ်ဆိုတဲ့အချိန် သူ့စိတ်မှာ ရွတ်ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ထက် ဆရာ့ရဲ့ နောက်ဆုံးစကား ဆိုတာကို အဓိကထားပါတယ်။ အဲဒီ ဆရာသမားရဲ့ ဂုဏ်ကို အဓိကထားတဲ့ သူ့ရဲ့စိတ်စေတနာက အကျိုးပေးတာပါ။ ဘယ်အရာမဆို ယုံယုံကြည်ကြည်နဲ့ လုပ်ရင် အောင်မြင် အကျိုးပးတာပါပဲ။
ဘာမှမဟုတ်တဲ့ စကားတောင် အကျိုးပေးအားကြီးတာကို ကြည့်ရင် လောကသုံးပါးမှာ အထွဋ်အမြတ်ဖြစ်တဲ့ သဗ္ဗေညုတမြတ်စွာဘုရားရှင်  နှုတ်တော်ကကိုယ်တော်တိုင် ရွတ်ဖတ်ခဲ့တဲ့ တရားတော်တွေကိုသာ ယုံယုံကြည်ကြည်နဲ့ ရွတ်ဆိုကြမယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးကတော့ Unlimited ပါပဲ။
Tuesday, December 8, 2009
သွေးစိမ်းခေါက်ဆွဲ
တခါတခါ ကြံကြံဖန်ဖန် အစားအစာတွေ  ကျွန်တော်တို့အလုပ်သမားတွေကို လုပ်ပြီးကျွေးပါတယ်။ ဒီနေ့ ကျွေးတာကတော့ သွေးစိမ်းခေါက်ဆွဲပါတဲ့။ နာမည်ကြားကတည်းက အတ္တတစ်ယောက် အံချင်စိတ်ပေါက်နေပီ... လို့ မဆိုလိုပါဘူး။ :P
အဲဒီလို ဇလုံထဲမှာ ၀က်သွေးအစိမ်းတွေ ထည့်ထားပါတယ်။
(အတ္တ သွားစားတဲ့အချိန် သွေးက တစ်ဝက်လောက်လျော့နေပါပီ၊ သိပ်မကြိုက်ကြဘူးထင်ပါတယ်။ :D)
ပဲပင်ပေါက်ရယ်၊ ဂေါ်ဖီထုပ်ရယ်
ဆန်နဲ့လုပ်ထားတဲ့ခေါက်ဆွဲရယ်
နောက် ၀က်သား သုံးထပ်သားကို ပါးပါးလှီး
နောက် ကိုယ်ကြိုက်သလောက် သွေးစိမ်းကို ကိုယ့်ပန်းကန်ထဲတည့်
ပြီးရင် ပဲပင်ပေါက်၊ ဂေါ်ဖီထုပ်၊ ၀က်သားနည်းနည်းစီထည့်ပီး ၂မိနစ်လောက်ပြုတ်
ခုနင်က သွေးစိမ်းထည့်ထားတဲ့ ပန်ကန်လုံးထဲထည့်
အချို၊ အပေါ့၊ အငန်၊ အစပ်၊ အချဉ်တွေ ကိုယ့်သဘောကျ ထည့်ပြီးရင်တော့
အနံ့အရသာနဲ့ ပြည့်စုံတဲ့ သွေးစိမ်းခေါက်ဆွဲတစ်ပွဲရပါပီ...။
(အားလုံးထည့်ပြီး နယ်ပြီးသွားတော့ သွေးစိမ်းနံ့ ပျောက်သွားပီး မွှေးတဲ့ အနံ့တစ်မျိုးထွက်လာပါတယ်)
Sunday, December 6, 2009
မေတ္တသုတ်
မေတ္တာဖြင့်နေထိုင်ခြင်းသည် လောကတွင် အချမ်းသာဆုံးဖြစ်သည်။ မည်သည့်ချမ်းသာနှင့်မျှ မယှဉ်သာ။ ချမ်းသာစွာနေလိုကြသော်လည်း မေတ္တာတရားကမူ ခေါင်းပါးလွန်းလှသည်။ ထို့ကြောင့် မိမိသန္တာန်တွင်ရှိသော မေတ္တာပမာဏရှိသလောက် မိမိလည်းအေးချမ်းမည် ဖြစ်သည်။ အေးချမ်းသာယာစွာ နေ့ရက်အချိန်များများနေရပါက မိမိ၏ မေတ္တာဓာတ်ကြီးမားများပြား၍ဟု မှတ်ပါ။ အရာရာအဆင်မပြေ ပတ်ဝန်းကျင်အတိုက်အခိုက်ခံရ၊ ချစ်ရသူများနဲ့အတူမနေရ၊ မနေချင်သူတွေကျတော့ တွေ့နေရဆိုရင် မိမိသန္တာန်မှာ မေတ္တာဓာတ်နည်းပါး နေပီဖြစ်သည်။ မေတ္တာဓာတ်အစား လောဘ၊ ဒေါမနဿ၊ ဣဿာ၊ သောက စတဲ့ ပူလောင်စေတဲ့စိတ်များ ရာနှုန်းများများ ကိန်းနေပီလို့ သဘောပေါက်ပါ။
ထိုအချိန်တွင် ဘာ လုပ်လုပ် အဆင်မချောတတ်ပါဘူး။ ထူးအိမ်သင်ပြောသလိုပဲ နည်းနည်းလေးတော့ လွဲနေပါမယ်။ အဲ... လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုတဲ့သူများလည်းရှိတတ်ပါတယ်။ ပိုတောင်များနေမလားမသိပဲ။ လောကဟာ အရာရာဆက်စပ်နေတော့ ကိုယ်တစ်ယောက် အဆင်မပြေတာနဲ့ ကျန်တဲ့နယ်ပယ် ပတ်ဝန်းကျင်ကိုပါ အနည်းနဲ့ အများ အဟုန်ရိုတ်ခတ်ပါတယ်။ ကိုယ်လိုပဲ အဆင်မပြေတဲ့ လွဲနေတဲ့သူများလာရင်တော့ လောကသဘာဝပါ လွဲချော်လာပါတော့တယ်။ အဲဒီကျရင်တော့ ပြန်ပြင်ဖို့ တော်တော် ခက်သွားပါပီ။ ပျက်စီးသွားပီး အသစ်ပြန်စမှ သာ အဆင်ပြေပါတော့တယ်။
ဒါကြောင့် ကိုယ်တစ်ယောက်မေတ္တာဓာတ်များများပွားတာဟာ လောကသာယာစိုပြေဖို့ အထောက်အပံ့ဖြစ်ပါတယ်လို့ တွေးပီး လုပ်ဆောင်သင့်ပါတယ်။ မေတ္တာသုတ်ကို ရွတ်ဖတ်ပါက ချမ်းချမ်းသာသာ အိပ်ရ နိုးရပါတယ်။ အိပ်မက်ဆိုးများ မမက်ပါဘူး၊ မေတ္တာဓာတ်ကိန်းတဲ့သူဟာ ရုပ်သွင်ကြည်လင်ပါတယ်။ ဒါကြောင့် ချစ်ခင်သူ ပေါများပါလိမ့်မယ်။ အကူအညီများလည်း လွယ်ကူစွာ ရရှိပါလိမ့်မယ်။ ဒါကြောင့် မေတ္တာသုတ်ကိုရွတ်ဖတ်ပီး အရာရာကို မေတ္တာထားသင့်ပါတယ်။
တိပိဋက၊ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးရွတ်ဖတ်တာကို ကြည်ညိုဖို့ မျှဝေတာပါ။
ပါဠိစာ မဖတ်တတ်သူများ အပေါ်က ဆရာတော်ကြီးရွတ်ဖတ်တာကိုကြည့်ပီး သင်ယူလို့ အဆင်ပြေပါတယ်။
မေတ္တသုတ် ပါဠိတော်နှင့် မြန်မာပြန်
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဖန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးနတ် တို့သည် ကြောက်မက်ဖွယ်ကောင်းသော ရုပ်အဆင်းကိုဖန်ဆင်း၍ လူတို့အား မပြ၀ံကြကုန်။ မေတ္တသုတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသော သူသည် -
၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀ မာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌ လည်းအိပ်မက်ဆိုးကို မမြင်မမက်နိုင်၊ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသည့် မေတ္တသုတ် ပရိတော်ကို ကျွနုပ်တို့ စုပေါင်းရွတ်ဆို ကြပါကုန်စို့။
၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
အကျိုးစီးပွား၌ လိမ္မာသော သူသည် ငြိမ်သက်သော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်းရှိသူလည်း ဖြစ်ရာသည်။ ဖြောင့်မတ်ရာ၏။ ကောင်းစွာ ဖြောင့်မတ်ရာ၏။ ပညာရှိတို့ ဆိုလွယ်ဆုံးမလွယ် သူလည်းဖြစ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။ မာန်မာနမထားရာ။
၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
ရောင့်ရဲလွယ်ရာ၏။ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ အသက်မွေးမှု ပေါ့ပါးခြင်းရှိရာ၏။ မျက်စိစသော ဣနြေ္ဒ တည်ငြိမ်မှု ရှိရာ၏။ ရင့်ကျက်သော ပညာ ရှိရာ၏။ အမူအရာ မကြမ်းတမ်းစေရာ၊ ဒါယကာများ၊ ဆွေမျိုးများ၌ သံယောဇဉ် ငြိတွယ်လွန်းခြင်း မဖြစ်စေရာ။
၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတရာကို အနည်းငယ်မျှပင် မပြုမကျင့်ရာ၊ သတ္တ၀ါခပ်သိမ်း ချမ်းသာကြပါစေ၊ ဘေးမရှိပါစေနှင့်၊ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝ ရာဝ န၀သေသာ။
ဒီဃာ ၀ါယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
အသက်ရှူရှိုက်သော သတ္တ၀ါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တ၀ါအားလုံး၊ တည်ကြည်သော သတ္တ၀ါအားလုံး၊ ကိုယ်ခန္ဓာရှည်သော သတ္တ၀ါအးလုံး၊ ကြီးသော သတ္တ၀ါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တ၀ါအားလုံး၊ ပုသော တိုသော သတ္တ၀ါအားလုံး၊ ပိန်သော ကြုံသော သတ္တ၀ါအားလုံး၊ ဆူသော ၀ဖြိုးသော သတ္တ၀ါအားလုံး-
၇။ ဒိဋ္ဌာ ၀ါယေ၀ အဒိဋ္ဌာ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
မျက်စိဖြင့် မြင်နိုင်သော သတ္တ၀ါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တ၀ါ၊ အဝေးမှာရှိသော သတ္တ၀ါ၊၊ မနီးမဝေးမှာရှိသော သတ္တ၀ါ၊ ဖြစ်ပြီးသော သတ္တ၀ါ၊ နောင်ဖြစ်လတ္တံ့သော သတ္တ၀ါ၊ ဆိုခဲ့ပါ သတ္တ၀ါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။
တစ်ယောက်နှင့်တစ်ယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တစ်ခုခုနှင့် စပ်လျဉ်း၍ တစ်ယောက်ယောက်ကို ချုပ်ချယ်သော စကား မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊ အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ဆင်းရဲဒုက္ခကို အလိုမရှိသင့်ပေ။
၉။ မာတာ ယထာ နိယံပုတ္တ- မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
မိခင်သည် မိမိဝမ်း၌လွယ်၍ မွေးရသော တစ်ဦးတည်းသောသားကို အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့်ရှောင့်သည့် နည်းတူ သတ္တ၀ါအားလုံးတို့အပေါ်၌ ထိုသို့သောမေတ္တာစိတ်ကို ထပ်တူထပ်မျှ ပွားများရာ၏။
၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
အထက် အောက် ဘေးအရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန် အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။
အိပ်သောအခါမှတပါး မတ်တပ်ရပ်စဉ်ဖြစ်စေ၊ လမ်းလျှောက်သွားစဉ်ဖြစ်စေ၊ ထိုင်နေစဉ်ဖြစ်စေ၊ လဲလျောင်းစဉ် ဖြစ်စေ အမြဲမပြတ် သတိချပ်လျှက် မေတ္တာပို့နေရာ၏။ ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို "မြတ်သောနေခြင်း" ဟူ၍ ဤဂေါတမ ဘုရားသာသနာတော်၌ ဆိုကြလေပြီ။
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။
မှားသော အယူဝါဒကို လက်ခံပဲ ကိုယ်ကျင့်သီလရှိစေရာ၏။ မဂ်ဉာဏ်အမြင်ဖြင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်မက်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ မနေရတော့ပေ။ (၀ဋ်ဘ၀ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ့။)
မေတ္တသုတ်ကို ဒီအတိုင်းရွတ်ဖတ်တာထက် အဓိပ္ပါယ်ကိုသိပြီး ဆိုရတာက ပိုကောင်းပါတယ်။ ပိုပြီး ထက်မြက်စူးရှပါတယ်။ အားလုံး မေတ္တာကြွယ်ဝသူများ ဖြစ်နိုင်ကြပါစေ...။
Thursday, December 3, 2009
မင်္ဂလသုတ်
မင်္ဂလာ အကြောင်းရေးပီးတော့ ဆက်ရေးမလို့ပါပဲ။ ဒါပေမယ့် အကြောင်းမညီညွှတ်တာကြောင့် ခုမှ တင်ဖြစ်တာပါ။
မင်္ဂလသုတ် ရွတ်ဆိုခြင်းဖြင့် မည်သည့်နေရာမှာနေသည် ဖြစ်စေ ဘေးအန္တရာယ်ကင်းသည်။ ရန်သူက မိမိအား မအောင်မြင်နိုင်။ မိမိ၏ဘ၀အဆင့်အတန်း သည်လည်း တစ်နေ့ထက်တနေ့ တိုးတက်ချမ်းသာ လာမည်ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်။ သူတစ်ပါးမကောင်းမကြံနိုင်၊ ဘ၀အခြေအနေတိုးတက် စေသည်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
မင်းကွန်းဆရာတော်ကြီး ရွတ်ဖတ်တာကို ကြည်ညိုနာယူဖို့ မျှဝေတာပါ။
မင်္ဂလသုတ်ပါဠိတော်
၁။ ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု သဒေ၀ကာ။
    သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။
၂။ ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ၀ိနာသနံ။
    သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။
၃။ ဧ၀ံမေသုတံ -
    ဧကံ သမယံ၊ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ၊
ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရမေ။
အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ၊
အဘိက္ကန္တ၀ဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ၊
ယေန ဘဂ၀ါ တေနုပသင်္ကမိ၊
ဥပသင်္ကမိတွာ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ၊
ဧကမန္တံ ဌိတာ ခေါ၊ သာ ဒေ၀တာ ဘဂ၀န္တံ ဂါထာယ အဇ္ဈတာသိ။
၎။ ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
    အာကင်္ခမာနာ သောတ္တာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၅။ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
    ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။
    အတ္တသမာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ၊ ၀ိနယော စ သုသိက္ခိတော။
    သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၈။ မာတာပိတုဥပဋ္ဌာနံ၊  ပုတ္တဒါရဿ သင်္ဂဟော။
    အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
    အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဖပါနာ စ သံယမော။
    အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
    ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂။ ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။
   ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၃။ တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
    နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
    အသောကကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၅။ ဓတာဒိသာနိ ကတွာန၊ သဗ္ဗတ္တ မပရာဇိတာ။
    သဗ္ဗတ္တ သောတ္တိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
                        မင်္ဂလသုတ္တံ နိဋ္ဌိတံ။
အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ...။
Wednesday, December 2, 2009
သီလဝ
မြန်မာ့သမိုင်းမှာ ထင်ရှားလူသိများခဲ့တဲ့ မြို့စား နယ်စားတစ်ဦးဖြစ်ပါတယ်။ သူဟာ စစ်တိုက်တော်တယ်။ စစ်သားပီသတယ်။ ဒါပေမယ့် နိုင်ငံအုပ်ချုပ် မင်းလုပ်ဖို့ စိတ်မ၀င်စားပါဘူး။ သူဝါသနာပါတဲ့ ကြက်တိုက်၊ တောလိုက်၊ ဆင်ဖမ်း အလုပ်တွေနဲ့ပဲ အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။ လက်အောက်ငယ်သားများကလည်း လေးစား ကြောက်ရွံ့ ကြပါတယ်။ နောက် ထင်ရှားတဲ့ သူ့အမှတ်အသားက အပြုံအရယ်လုံးဝ မရှိပါဘူးတဲ့။
မှတ်တမ်းများအရ သူဟာ တစ်သက်လုံးမှာ (၃)ခါသာ ပြုံးရုံ ပြုံးပါသတဲ့။
အဲဒီ သူကတော့ ရမည်းသင်းမြို့စား သီလ၀ပါပဲ။
တစ်ခါက မြို့ရိုး ပေါ်ကနေ မြို့ပြင်ကိုကြည့်နေတုံး ဘုန်းကြီးလူထွက် တစ်ယောက်က မြို့ပြင်ကျုံးထဲမှာ ရေချိုးတာကို တွေ့သတဲ့။ အဲဒါကို တွေ့ပြီး ပြုံးတာပါတဲ့။ ဘာလို့လဲဆိုတော့ အဲဒီ လူက သူ့ကိုဘုန်းကြီးလူထွက်မှန်း သူများတွေသိမှာကြောင့် ခေါင်းမှာပေါင်းထားတဲ့ ခေါင်းပေါင်းကို မချွတ်ပဲနဲ့ ကျုံးထဲမှာ ရေငုတ်နေလို့ပါပဲ။ :)
တစ်ခါက တောလိုက်က အပြန် အိမ်တော်ရောက်တော့ သူ့မယား မြို့စားကတော်က ရွှေခွက်နဲ့ ရေခပ်ပြီး ခြေဆေးပေးပါတဲ့။ အဲဒါကိုကြည့်ပြီး "အင်း ဒီနေ့ ငါ့မိန်းမ အကြောင်းထူးတော့ရှိရမယ်" လို့တွေးပြီး ပြုံးတာပါတဲ့။ အကြောင်းကတော့ ရွာတစ်ရွာက သူကြီးတစ်ယောက် ကြက်တိန်ညင်တစ်ကောင် ကိုပိုက်ပြီး မြို့စားအိမ်ကိုရောက်လာပြီး မြို့စားရှိ / မရှိ မေးပါတယ်။ မြို့စားကြီးတော့ မရှိပါဘူး၊ ကျွန်မ မြို့စားကတော်ပဲ ရှိပါတယ်။ ပြောစရာရှိတာ ပြောလို့ရပါတယ်လို့ပြောပေမယ့် အဲဒီရွာသူကြီးက ဘာတစ်ခွန်းမှ ပြန်မပြောပဲ ကြက်ကို ပိုက်ပြီး အိမ်တော်ပေါ်မှ ဆင်းသွားပါတယ်။ ဒီတော့ မြို့စားကတော်လည်း "အင်း ငါတို့မှာ ဘုန်းကံမရှိ၊ လူမလေးစား၊ ယောင်္ကျား၏ ဘုန်းကံပေါ်မှီခိုနေရတာပါလား " လို့ တွေးပြီး မြို့စားကြီး အပြန်မှာ ရွှေခွက်နဲ့ ရေခပ်ပြီး ခြေဆေးပေးတာပါတဲ့။
နောက်တစ်ခါက ရမည်းသင်းထန်းတောထဲမှာ သီလ၀နှင့် သူ့စစ်သူကြီး တိတလ တို့ ကြက်တိုက်နေကြပါတယ်။ အဲဒီအချိန်မှာပဲ သူပုန်တပ်များ မြို့ကို ၀န်းရံလာကြောင်း မြို့စောင့်တပ်သားက မြို့စားအိမ်တော်ကိုသတင်းပို့ပါတယ်။ ဒီအခါမှာ မြို့စားကတော်ဟာ စိုးရိမ်တကြီးနဲ့ ငယ်သားတွေကို မခိုင်းပဲ သူကိုယ်တိုင် ထန်းတောကို အပြေးသွားပြီး မြို့ကို သူပုန်ဝိုင်းဖို့ လာနေပီလို့ အော်ဟစ်ပြေးသွားပီး သတင်းပို့ပါသတဲ့။ ရင်ဘတ်စည်တီး ဖိုးရိုးဖားယားနဲ့ ပြေးလာနေတဲ့ မြို့စားကတော်ကိုမြင်တဲ့ သီလ၀ဟာ ပြုံးရုံမကပဲ ၀ါးကနဲ ရယ်သောဟူ၏။
Sunday, November 29, 2009
နီလူးဖဲုင့်
ရှမ်းရိုးမက အဖြူရောင်သံစဉ်များထဲက တစ်ပုဒ်ပါ။
နားမလည်ပေမယ့် ကြိုက်လို့....
မျှဝေခံစားနိုင်ကြပါစေလို့ တင်လိုက်တာပါ...။
အဓိပ္ပါယ်နားလည်သူများ ပြောပြပေးကြပါလား။
သိရင်ပြောကြပါကွယ်... ကျေးဇူးဆပ်ပါမည်။ :P
Thursday, November 26, 2009
သဲဖြစ်သွားသောယောင်္ကျားများ
ဟိုတုန်းက ရွာတစ်ရွာမှာ အဖိုးကြီးနဲ့ အဖွားကြီး အမြဲတမ်း စကားနိုင်ပြောလေ့ရှိသတဲ့။ တနေ့တော့ -
အဖွားကြီးက ရှင်တို့ယောက်ျားတွေက အသုံးမကျဘူး။ မလိမ္မာကြဘူး၊ ဒါကြောင့် နတ်ပြည်မှာ နတ်သမီး တွေပဲ များတာ။ အဲဒါကြောင့် နတ်သမီးတစ်ထောင်ကျော်မှ နတ်သားက တစ်ယောက်ပဲရှိတာ။
ဒီတော့ အဖိုးကြီးလည်း ပြန်ချေပမယ့်စကား ရှာမရတာနဲ့ ရွာဦးကျောင်းဘုန်းကြီးဆီး ပြေးပီး အကူအညီတောင်းတာပေါ့။ ဘုန်းကြီးကလည်း သူကိုယ်တိုင် ယောက်ျားဖြစ်နေတော့ မခံနိုင်ဖြစ်ပြီး အကြံထုတ်ရတော့တာပေါ့။ တအောင့်လောက်ကြာမှ ဘုန်းကြီးအကြံရပြီး ဒကာကြီးကိုပြောပါတယ်။
"တို့ယောက်ျား တွေက နတ်ပြည်မှာ နည်းမှာပေါ့၊ ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့ အမျှ ပွင့်ခဲ့တဲ့ ဘုရားတွေက တို့ယောင်္ကျားတွေလေ၊ ယောင်္ကျားတွေက ဘုရားဖြစ်ကုန်လို့ နတ်ပြည်မှာ နည်းတာ"
အဲလိုပြောဖို့ သင်လိုက်သတဲ့။  အဖိုးကြီးလည်း ၀မ်းသာအားရနဲ့ အဖွားကြီးကို ပြောဖို့ အိမ်ကို ပြန်ပြေးလာပါတယ်။ အပြေးတပိုင်းလာတဲ့အဖိုးကြီးဟာ လမ်းခုလတ်မှာ ခလုပ်တိုက်လဲသွားပါတယ်။ ဘုန်းကြီးသင်ပေးလိုက်တဲ့ စကားကို အစီအစဉ်အတိုင်း မမှတ်မိလို့ ပြန်စဉ်းစားပြီး အဖွားကြီးကို အောက်ပါအတိုင်းပြောလိုက်ပါတော့တယ်။
"အဖွားကြီး ၊နတ်ပြည်မှာ တို့ယောက်ျားတွေနည်းမှာပေါ့ကွ၊ အားလုံး ဂင်္ဂါမြစ်ထဲမှာ သဲတွေဖြစ်ကုန်တယ်လေ"
ဟူသတည်း ။
သက်ရှည်ကျန်းမာဖို့
တချို့က ကျန်းမာကြပါတယ်။ ငွေကြေးလည်း ပြည့်စုံပါတယ်။ ဒါပေမယ့် အသက်နည်းနည်းပဲ လူ့ဘ၀မှာနေကြရတယ်။ သူ ပျော်ရွှင်နေခိုက်မှာပဲ ရုတ်တရက် ထွက်သွားခဲ့ရတယ်။
တချို့က အသက်ရှည်ကြပါတယ်။ ငွေကြေးလည်း ပြည့်စုံပါတယ်။ ဒါပေမယ့် သူ့ဘ၀ရဲ့ အချိန်တော်တော်များများ အိပ်ယာပေါ်မှာပဲ ကုန်ဆုံးကြရပါတယ်။ သူနေရတာ မပျော်ပေမယ့် ဆက်လက် အသက်ရှင်နေရတယ်။ ငွေကြေးက သူ့ဘ၀ကို နေပျော်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
အနည်းငယ်သော တချို့သာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀မှာ တ၀ကြီး နေထိုင်သွားကြပါတယ်။
အဲလိုနေနိုင်ဖို့ အချက်သုံးချက်ပဲ လိုပါတယ်လို့ အသက် 103နှစ်ထိ ကျန်းမာရွှင်လန်းစွာ ခန္ဓာ့ဝန်ကို ထမ်းရင်းသာသနာပြုခဲ့တဲ့ ရွှေဟင်္သာတောရဆရာတော်ကြီး အမိန့်ရှိခဲ့တာကို မျှဝေပါမယ်။
 သောကမနှောင်
"၀" အောင်မစား
လှုပ်ရှားကိုယ်လက်
ဤသုံးချက်ကား
အသက်ရှည်ရာ
အနာမဲ့ကြောင်း
နည်းလမ်းကောင်းတည်း။
 သောက ကင်းဝေးအောင် နေတတ်ဖို့ဆိုတာက တော်တော်လေ့ကျင့်ယူရပါတယ်။ အဓိက ကတော့ ဘယ်ရာပဲဖြစ်ဖြစ် မတွယ်တာပါနဲ့။ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲဖြစ်ဖြစ် တွယ်တာမိရင် သောကဖြစ်ဖို့ သေချာနေပါပီ။
လူတစ်ယောက်ဟာ တနေ့ကို 2000 ကယ်လိုရီလောက် စားရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် လူတော်တော်များများဟာ 2000 ကယ်လိုရီကနေ 2500 ကယ်လိုရီလောက်ထိ စားကြပါတယ်။ ဒါကြောင့် ပိုလာတဲ့ အဆီတွေက ဒုက္ခပေးတာပါ။
တချိန်လုံး ငြိမ်ငြိမ်လေးပဲ စားပွဲ ကုလားထိုင်နဲ့ အလုပ်လုပ်တဲ့သူဟာ ညအိပ်ယာဝင်ချိန်ကျရင် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေတတ်ပါတယ်။ ဒါအပြင် အိပ်မပျော်တတ်ပါဘူး။ မျက်စိကြောင်နေတတ်ပီး ညဉ့်တော်တော်နက်မှာ အိပ်သွားတတ်ပါတယ်။ နောက်နေ့ကျတော့ အိပ်ရေးမ၀လို့ မကြည်လင်ပြန်ပါဘူး။ ဒီလိုနဲ့ပဲ နေ့စဉ် လည်ပတ်ပါများလာတဲ့အခါမှာ လူက ၀၀ဖြိုးဖြိုးပေမယ့် ကျန်းမာရေးချို့ယွင်း လာပါတော့တယ်။ ဒါကြောင့် အနည်းဆုံး မိနစ်နှစ်ဆယ် နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှား လုပ်ပေးသင့်ပါတယ်။
ဒါ့အပြင် ဆရာတော်ကြီးက အစားအသောက်နဲ့ပတ်သက်လို့လည်း စားသင့်စားထိုက် တာတွေကို လမ်းညွှန်ခဲ့ပါသေးတယ်။
ချဉ်၊ စပ်၊ ဖန်၊ ခါး
နေ့တိုင်းစားက
ပေါ့ပါးလျှင်မြန်
သွက်လက်မည်။
ဆိုတော့ကာ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ငန်၊ ခါး အရသာ ခြောက်ပါးရှိရာမှာ အချိုနဲ့ အငန်ဟာ လူအတွက် လိုအပ်ပေမယ့် လွန်ကဲရင် ဘေးဖြစ်ပါတယ်။ လူ့လျှာကလည်း အချိုနဲ့ အငန်ကို သိတဲ့ရသာဖုက များတယ်လို့ ဆိုပါတယ်။ အငန်ကို သိတဲ့ ရသာဖုကလေးတွေကတော့ အများဆုံးပါပဲတဲ့။ ဒါကြောင့် လူများဟာ အငန်မပါတဲ့ ဟင်းတို့ အချိုမပါတဲ့မုန့်တို့ကို စားလို့ အဆင်မပြေကြတာပါ။ ဒါပေမယ့် အဲဒီ အငန်နဲ့ အချိုဟာ အသက်ကြီးလာရင် ပြဿနာစလာပါပီ။ အငန်များများ စားတာက သွေးတိုးဖြစ်စေပါတယ်။ နောက်ဆက်တွဲ အချိုက တော့ ဆီးချို၊ သွေးချိုပါပဲ။ အဲဒီနောက် နှလုံးရောဂါ၊ အသည်းရောဂါ အတွဲလိုက်ဝင်လာကြပါတော့တယ်။ ကြားဖူးမယ်ထင်ပါတယ် "Misfortune never come single."
ဒါကြောင့် အထက်က ပြောခဲ့တဲ့ အချက်သုံးချက်အပြင် ကိုယ်စားတဲ့ အစားအစာကိုလည်း အဟာရဖြစ်အောင် စားသုံးတတ်မှသာ ကျန်းမာပျော်ရွှင်စွာ ဘ၀ကို ကြာကြာနေနိုင်မှာဖြစ်ပါကြောင်း...။
Tuesday, November 24, 2009
အရှုံးမရှိသော ဒဿန
ဘာသာဝင်အားလုံးအတွက် အရှုံးမရှိသော ဒဿနတစ်ခုကို ပေးချင်ပါသည်။ သံသရာတစ်လျှောက်လုံးနှင့် ပတ်သက်သော ဘာသာရေးကိစ္စတွင် ကံစမ်းမဲနှိုက်သလို ပစ္စည်းတစ်မျိုး မျိုးပေါက်ချင်ပေါက်၊ မပေါက်ချင် ဗလာဟု ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။ ကံစမ်းမဲမှာ ဗလာဖြစ်သွား၍ မိမိအတွက် ဘာမျှ မထိခိုက် သော်လည်း ဘာသာရေးတွင် ဗလာဖြစ်သွားလျှင်ကား မိမိအတွက် တစ်သံသရာလုံး နစ်မွန်းရမည်ဖြစ်၏။
ကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားကားပွင့်ပွင့်လင်းလင်း ၊ ရိုးရိုးသားသားပင် ဟောကြားခဲ့၏။ သတ္တ၀ါတွေ ကောင်းတဲ့နေရာ ကောင်းတဲ့ဘုံဘ၀ရောက်အောင် ငါဘုရား မကယ်တင်နိုင်၊ ငါဘုရားသည် လမ်းမှန်ကိုသာ ညွှန်ပြရုံသာ ရှိသည်။
ကောင်းသောအမှုကိစ္စ ပြုလုပ်သောသူများသည် ကောင်းသောအကျိုးများကို ခံစားကြရမည်။ မကောင်းသောအမှုကိစ္စ ပြုလုပ်သူများသည် မကောင်းသောအကျိုးကို ခံစားကြရမည်။
ချိုသောမျိုးစေ့ကို စိုက်ပျိုးလျှင် ချိုသောအသီးကို စားရမည်။ ခါးသောမျိုးစေ့ကို စိုက်ပျိုးလျှင် ခါးသောအသီးကို စားရမည်။ ထို့အတူ ကောင်းသောအမှုကို ပြုလုပ်လေ့ရှိသောသူသည် ကောင်းသောအကျိုးကို ခံစားရမည်။ မကောင်းသောအမှုကို ပြုလုပ်လေ့ရှိသော သူသည် မကောင်းသောအကျိုးကို ခံစားရမည်။
ဤကား ဗုဒ္ဓ၏ ပွင့်လင်းပြတ်သားစွာ ဟောကြားခဲ့သော စကားဖြစ်သည်။ အဆိုပါ ဗုဒ္ဓ၏ ဟောကြားချက်ကို လိုက်နာသူတို့အတွက် အရှုံးမရှိသော ဒဿနတစ်ခုပင် ဖြစ်၏။ သူတစ်ပါးအား လှူဒါန်းပေးကမ်းခြင်းဒါန၊ စောင့်ထိန်းထားအပ်သော သီလ၊ အထပ်ထပ်အဖန်ဖန်ပွားများအပ်သော ဘာဝနာဟူသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ထားသူသည် တမလွန် ဘ၀သို့ ရောက်သောအခါတွင် ကယ်ဆယ်သော ဘုရား တကယ်ရှိသည်ဆိုလျှင်လည်း ကောင်းတာများကို ပြုလုပ်ထားသူဖြစ်သောကြောင့် ရှေ့ဆုံးက အကယ်ဆယ်ခံရမည်ဖြစ်သည်။
ထိုသို့ ကယ်ဆယ်သောဘုရားမရှိပါကလည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကိုပြန်လည် စောင့်ရှောက်မည်ဖြစ်သောကြောင့် အားငယ်စရာမရှိပေ။ နောင်တမလွန် ဘ၀ကျမှ ကယ်ဆယ်မည့် ဘုရားကို အားကိုးပြီး ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့သောသူသည် တမလွန်ဘ၀ရောက်လျှင် မိမိယူဆခဲ့သလို ဘုရားရှင်က လာမကယ်လျှင်ကာိးမိသာ နစ်မွန်းတော့မည်ဖြစ်၏။
ယခု ဒဿနနှင့်ပတ်သက်၍ ဘုရားဟော ဇာတ်တော်တစ်ပုဒ်ရှိပါသည်။ တစ်ခါက ကုန်သည်တစ်ထောင် တို့သည် သင်္ဘောပျက်၍ လူသူမနီးကျွန်းကြီးတစ်ကျွန်းပေါ်သို့ ရောက်သွားကြသည်။ ကျွန်းပေါ်တွင် အစားအစာနှင့် သောက်ရေပေါသဖြင့် လူငါးရာစီ အုပ်စုခွဲပြီး နေကြလေသည်။ အုပ်စုတစ်ခုကို ဘုရားလောင်းပညာရှိက ဦးဆောင်ပြီး၊ ကျန်တစ်စုကို ဒေ၀ဒတ်လောင်း လူမိုက်ကဦးဆောင်သည်။
ကျွန်းပေါ်တွင်နေစဉ် သစ်သီးမျိုးစုံးကို သေရည်ချက်ပြီး စိတ်ကြိုက်သောက်စားကာ နေကြလေသည်။ မူးရူးလာသောအခါ အညစ်အကြေးများကို ထင်သလို စွန့်ပစ်ကြသည်။ ကျွန်းကိုစောင့်ကြပ်နေထိုင်သော နတ်များသည် အလွန်ဒေါသထွက်ပြီး လာမည့် လပြည်ည ဒီရေတက်ချိန်တွင် ပင်လယ်ရေများကို ကျွန်းဖုံးသည်အထိ တက်စေပြီး ကျွန်းပေါ်မှလူများကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ကြသည်။
ထိုအခါ သနားတတ်သော နတ်သားတစ်ယောက်က လူအများမြင်သာအောင် ကိုယ်ထင်ပြပြီး လပြည့်ညတွင် ပင်လယ်ရေများ ကျွန်းကိုဖုံးလွှမ်းလိမ့်မည်။ ယခုကတည်းက လှေ၊ ဖေါင်များ အသင့်ပြုလုပ်ပြင်ဆင်ကြပါဟု တိုက်တွန်းနှိုးဆော်ပြီး ပျောက်သွားသည်။
တဖန် ရက်စက်တတ်သောနတ်တစ်ယောက်ကလည်း ကိုယ်ထင်ပြကာ ဤကျွန်းပေါ်သို့ ရေဖုံးလွှမ်းခြင်း ဟူသည် တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။ ဖြစ်လည်းမဖြစ်နိုင်။ ထို့ကြောင့် မည်သည့်လှေ ၊ ဖေါင်မျှ အပင်ပန်းခံကာ လုပ်နေစရာမလို၊ အရင်အတိုင်း လွတ်လပ်ပျော်ရွှင်စွာ နေနိုင်သည်ဟု ပြောပြီး ပျောက်သွားပြန်သည်။
ဤတွင် ကျွန်းကြီးတစ်ခုလုံး ရေဖုံးလွှမ်းမည်/ မဖုံးလွှမ်းမည်မှာ မသေချာဖြစ်နေ၏။ လူအများမှာ မည်သည့် နတ်သား၏စကားကို ယုံကြည်ရမည်မသိဖြစ်နေ၏။ ရေလွှမ်းမည်/ မလွှမ်းမည် မသေချာသောအခါ လှေတို့ ဖေါင်တို့ လုပ်သင့်မလုပ်သင့် မရေမရာဖြစ်ရပြန်သည်။ ဒေ၀ဒတ်အလောင်း ခေါင်းဆောင်နှင့် နောက်လိုက်များကား ဉာဏ်ပညာမရှိသောကြောင့် ဒုတိယနတ်သား၏ စကားကိုလက်ခံပြီး လှေမထွင်းပဲ၊ မလုပ်ပဲနေကြ၏။
ပညာရှိ ခေါင်းဆောင်၏ နောက်လိုက်များကလည်း အခြားအဖွဲ့ကဲ့သို့ လှေမထွင်း၊ ဖောင်မဖွဲ့ပဲ သက်သာစွာ နေချင်ကြသည်။ ထိုအခါ ဘုရားလောင်းက သေချာရေရာသည့် အရှုံးမရှိသော ဒဿနတစ်ခုကို ယခုလိုပေး၏။
နတ်သားနှစ်ယောက်တွင် စကားနှစ်ခွန်းဖြစ်နေ၍ မည်သူမျှ သေချာမသိနိုင်၊ ထို့ကြောင့် လပြည့်နေ့ည ရောက်မှသာ ရေဖုံးလွှမ်းမည်/ မဖုံးလွှမ်းမည်ကို သေချာစွာသိနိုင်ကြမည်။ ငါတို့တစ်တွေသည် ဒုတိယနတ်သား စကားကိုယုံကြည်ပြီး လှေမလုပ်ဘဲနေကြလျှင် လပြည်ညရောက်ပါက ရေမတက်လျှင်တော် သေးသည်။ ရေတက်လာလျှင်ကား ငါတို့တစ်တွေသာ အသက်ဆုံးရှုံးကြမည်ဖြစ်သည်။
ထို့ကြောင့် လှေမလုပ်သောနည်းလမ်းသည် အသက်အတွက်မသေချာ မရေရာသောနည်းလမ်း၊ အရှုံးရှိနိုင်သော နည်းလမ်းသာဖြစ်သည်။ ထို့ကြောင့် ပထမနတ်သား၏ သတိပေးစကားအတိုင်း လှေလုပ်ကြမည်။ လှေ၊ ဖောင်တို့ကို ကြိုလုပ်ထားလျှင် လပြည့်ညတွင် ရေမတက်ပါကလည်း ကိစ္စမရှိ။ နောင်သွားရေးလာရေး ကိစ္စများအတွက် အသုံးဝင်မည်။  ရေတက်လာက ငါတို့တစ်တွေ၏ အသက်ကို ကယ်ဆယ်နိုင်မည်။ ထို့ကြောင့် လှေ၊ ဖောင်တို့ကို ကြိုတင်လုပ်ထားခြင်းကား ငါတို့တစ်တွေအတွက် အသက်မသေစေရန် သေချာသောနည်းလမ်းဖြစ်သည်။ အရှုံးမရှိသော နည်းလမ်းသာဖြစ်သည်။ ဟုပြောကာ လှေ ဖေါင်တို့ကို ပြုလုပ်ကြသည်။
လပြည့်နေ့ည ရောက်သောအခါ ရေများတက်လာသဖြင့် လူမိုက်နှင့် အပေါင်းအပါများမှာ ရေနစ်သေဆုံးကြရပြီး၊ ဘုရားအလောင်းနှင့် အပေါင်းအပါများမှာ အသင့်ပြုလုပ်ထားသော လှေ၊ ဖောင်များကြောင့် အသက်ချမ်းသာရာ ရကြသည်။ ထို့ကြောင့် မည်သည့်ဘာသာဝင်မဆို ဒါန၊ သီလ၊ ဘာဝနာတည်းဟူသော လှေ၊ ဖေါင်များကို ဧကန်မုချ ပြုလုပ်ထားသင့်ကြ၏။
ရေတက်မည် မတက်မည်ဆိုသည်မှာ မသေချာသကဲ့သို့ သေပြီးနောက်မှ မိမိဘာသာနှင့်ဆိုင်သော ဘုရားက ကယ်ဆယ်မည်/ မကယ်မည်ဆိုသည်မှာ မသေချာမရေရာသော နည်းလမ်းဖြစ်သည်။ လက်ရှိကမ္ဘာပေါ်တွင် လူဦးရေ သန်းခြောက်ထောင်ကျော်တွင် သေပြီးနောက်မှ ဘုရားက ကယ်တင်မှုကို လက်တွေ့ကြုံဖူးသူ တစ်ယောက်မှ မရှိချေ။ စာတွေ့ဖြင့်သော်လည်းကောင်း၊ တစ်ဆင့်ကြားဖြင့် သော်လည်းကောင်း ဟောပြောယုံကြည်နေကြခြင်းဖြစ်သည်။
ထိုသို့ ဟောပြောယုံကြည်သူကိုယ်တိုင်လည်း ဘုရားက ကယ်/မကယ်ဆိုသည်ကို သေပြီးနောက်မှသာ သေချာပေါက်သိရမည်ဖြစ်သည်။ ထို့ကြောင့် ဒါန၊ သီလ၊ ဘာဝနာဟူသော ကောင်းမှုကုသိုလ်များကို ပြုလုပ်မထားလျှင် သေလွန်သောအခါ ဘုရားကကယ်မလျှင် တော်ပါသေးသည်။ မကယ်လျှင်ကာ မိမိသာ ဒုက္ခရောက်ရမည်ဖြစ်၏။ ဒါန၊ သီလ၊ ဘာဝနာတရားများကို ပြုလုပ်ထားလျှင်ကား ဘုရားက ကယ်လျှင်လည်း  သူတော်ကောင်းတရားများကို များစွာပြုလုပ်ထားသူဖြစ်၍ တခြားသူများထက် ပို၍ ကယ်တင်ခြင်းကိုခံယူရမည်ဖြစ်၏။
ဘုရားက ကယ်တင်မှုမပြုလျှင်လည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကို ပြန်လည်ကယ်တင် စောင့်ရှောက်မည်ဖြစ်၏။ ထို့ကြောင့် မိမိအတွက် အရှုံးမရှိသော နည်းလမ်းကာ ဒါန၊ သီလ၊ ဘာဝနာဟူသော ကုသိုလ်တရားများကို ကြိုတင်ပြုလုပ်ထားခြင်းသာ အသေချာဆုံးသောနည်းဖြစ်သည်။
အရှုံးမရှိသော ဒဿနဖြစ်သည်။
အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)တရားတော်မှ ထုတ်နှုတ်တင်ပြပါသည်။
Saturday, November 21, 2009
လင်နှင့်မယားဆက်ဆံရေး
အိမ်ထောင်သည်ဘ၀ သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပြီးနောက် ချမ်းမြေ့သာယာ ပျော်ရွှင်ဖွယ်ဖြစ်သော ဘ၀ကိုပိုင်ဆိုင်ရန် ကြိုးစားရန် နှစ်ဦးစလုံးတွင် တာဝန်ရှိပေသည်။ နှစ်ဦးသား ချစ်လို့ ကြိုက်လို့ပဲယူယူ၊ မိဘပေးစားလို့ပဲယူယူ၊ ဘယ်လိုကြောင့်ပဲ ယူယူ ဘ၀တစ်ခုတည်ဆောက်ပြီးလျှင် ထိုဘ၀ကို ကောင်းမွန်စွာ ထူထောင်သင့်ပေသည်။ သို့မဟုတ်ပါက "ကျွဲနှစ်ကောင်ခတ်ရာ မြေဇာပင် မခံသာ" ဆိုသလို ကလေးများမှာ ကြားကနစ်နာရပေသည်။ ထိုသို့ မဖြစ်စေရန် လင်ရော မယားပါ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သင့်ပေသည်။
ခင်ပွန်းဖြစ်သူသည် မိမိအိမ်ရှင်မအား -
၁။ အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊(မိမိတို့ နှစ်ဦးသာခေါ်သော အဖျားဆွတ်နာမည်)
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ (ငယ်ကျိုး၊ ငယ်နာများ မပြောဆိုခြင်း)
၃။ မိမိမယားမှလွဲ၍ အခြားမိန်းမတို့နှင့် မပျော်ပါး မဖောက်ပြန်ခြင်းဖြင့်လည်းကောင်း၊
၎။ မီးဖိုချောင် ကိစ္စအ၀၀တို့ကို အပ်နှင်းခြင်းဖြင့်လည်းကောင်း၊
၅။ အ၀တ်တန်ဆာဝယ်ပေးခြင်းနှင့် ရှာဖွေရရှိသော ဥစ္စာငွေကြေးများကိုအပ်နှံခြင်းဖြင့်လည်းကောင်း
မိန်းမကို ဖြည့်ကျင့် ပေးဆောင်သင့်ပေသည်။
မယားဖြစ်သူသည် မိမိခင်ပွန်းအား-
၁။ ဝေယျာဝစ္စ များကို ကိုယ်တိုင်ဆောင်ရွက်ပေးခြင်း၊
၂။ နှစ်ဘက် ဆွေမျိုးများကိုလည်း တူတူညီမျှ ပေးကမ်းခြင်း၊
၃။ မိမိလင်မှတစ်ပါး  အခြားယောက်ျားတို့နှင့် ရောထွေးယှက်တင် မဖောက်ပြန်ခြင်း၊
၎။ ရှာဖွေစုဆောင်းခဲ့သည့် ဥစ္စာငွေကြေးတို့ကို စနစ်တကျထိန်းသိမ်းခြင်း၊
၅။ ကိစ္စအားလုံးတို့တွင် လိမ္မာတတ်သိစွာ ဆောင်ရွက်၍ ပျင်းရိမှု မရှိခြင်း
တို့ဖြင့် ပြုစုဆောင်ရွက်ပါက လွန်စွာသင့်မြတ်လှပေသည်။
အထက်ပါ အချက်များ နှစ်ဦးစလုံး လိုက်နာကျင့်သုံးပါက သာယာချမ်းမြေ့ အောင်မြင်သော ဘ၀တစ်ခု ပိုင်ဆိုင်ရမည်မှာ သေချာလှပေသည်။
Wednesday, November 18, 2009
မင်္ဂလာ
မနက်ခင်း အလုပ်မှာဖြစ်ဖြစ် G-talk မှာဖြစ်ဖြစ် မိတ်ဆွေများ သူငယ်ချင်းများ တွေ့ကြရင် မင်္ဂလာပါ . . . လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။ လူလူချင်းတွေ့တာ နဲ့ အပြုံးလေးနဲ့ မင်္ဂလာပါ လို့ နှုတ်ဆက်ကြတဲ့အခါ စိတ်မှာ ကျေနပ်မှုတစ်မျိုးခံစားရပါတယ်။ (ဒီမှာတော့ 'ဆ၀ါဒီခပ်' လို့ ယိုးဒယားလိုနှုတ်ဆက်တာများပါတယ်၊ တစ်ချို့ ကတော့ morning လို့ နှုတ်ဆက်ကြပါတယ်။)
ဒီလိုနေ့စဉ်နှုတ်ဆက်နေပေမယ့် လူလူချင်းတွေ့တာ မင်္ဂလာ တဲ့လားလို့ ကြောင်တောင်တောင်အတွေး ၀င်လာပါတယ်။ ဒါနဲ့ မင်္ဂလာ ဆိုတဲ့စကားလုံးကို သိအောင်ကြိုးစားမယ်လို့ စိတ်ထဲမှာ တေးထားခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ပေးတဲ့ "ဗုဒ္ဓဘာသာကောင်းတစ်ယောက်" ဆိုတဲ့ စာအုပ်ကိုဖတ်ကြည့်ရင်း  ရွတ်ဖတ်ရန်သုတ်တော်များ ဆိုတဲ့ ခေါင်းစဉ်အောက်က မင်္ဂလသုတ် ကို သွားတွေ့ပါတော့တယ်။ အဲဒီကျမှ မင်္ဂလာရဲ့ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ပြီး ၊ မင်္ဂလာတရား(၃၈)ပါးရှိကြောင်းကိုပါ အသေးစိတ် သိခွင့်ရခဲ့ပါတယ်။ ဒီမင်္ဂလသုတ်ဖြစ်ပေါ်လာပုံကိုလည်း သိရှိရပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က လူတွေလည်း ကျွန်တော့လို့ပဲ တွေးကြလို့ ထင်ပါတယ်။ :P
ဒီမင်္ဂလာတရားဆိုတဲ့ဟာကို ဆယ်စုနှစ်တစ်ခုကျော်ကျော် အငြင်းပွားကြပါသတဲ့။ သူပြောတာကမှ မင်္ဂလာတရား ၊ ငါပြောတာကမှာ မင်္ဂလာတရားအမှန်ဆိုပြီး  အဲဒီခေတ်က ပုရဏ္ဏကဿပတို့ မဂလိကောသာလတို့လို အတွေးအခေါ်ဂိုဏ်းဆရာကြီးအပါအ၀င် အတွေးခေါ်ပညာရှင်တွေ အငြင်းပွားခဲ့ကြပါတယ်။ ဒီလိုအငြင်းပွားနေကြလို့ ဘယ်ဟာကို မင်္ဂလာတရား ဆိုပီး သတ်မှတ်လက်ခံခြင်းမရှိခဲ့ကြပါဘူး။ ဒီအငြင်းပွားမှုမှာ လူတွင်မက နတ်တွေကြားမှာတောင် မင်္ဂလာတရားအစစ်အမှန်ကို မည်သူမှ သေသေချာချာ မသိကြပါဘူး။
ဒီလို အငြင်းပွားမှုဟာ ဆယ့်နှစ်နှစ်ကျော်ကြာတဲ့အထိ အဖြေမရှိခဲ့ပါဘူး။ ဒါကို သိချင်နေတဲ့ နတ်သားတစ်ပါးက မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားပါတယ်။ ဒီကျမှ မြတ်စွာဘုရားက မင်္ဂလာတရားတွေကို ဟောကြားခဲ့တာပါ။ ဒီမင်္ဂလာတရားကို မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်ချိန်မှာ  နတ်သားက မေးလျောက်လို့ ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ (ဇေတ၀န်ကျောင်းကို အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းပါသည်။)
မင်္ဂလ[မင်္ဂလ](မင်္ဂ်+အလ)(န)
ကောင်းခြင်း။ ပွားခြင်းသို့ရောက်ခြင်း။ ချီးမွမ်းအပ်သောကောင်းမြတ်သော တရား။ စီးပွားချမ်းသာ၏ အကြောင်းဖြစ်သောတရား။ မင်္ဂလာတရား။
ဆိုပြီး အဘိဓာန်မှာ ဖွင့်ဆိုပါတယ်။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး မင်္ဂလာပါလို့ နှုတ်ဆက်ခြင်းဟာ အလွန်ကောင်းမွန်တယ် ဆိုတာကိုတွေ့ရပါတယ်။
မြတ်စွာဘုရားဟောတဲ့ အချက်(၃၈)ချက်ကို လိုက်နာကျင့်သုံးမယ်ဆိုရင်ဖြင့် တကယ့်ကို တက်တက်ကြီးပွားပီး မိမိ၏ဘ၀အဆင့်အတန်း သည် တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်မြင် ချမ်းသာမည်မှာ အသေအချာဖြစ်ပါသည်။ မိမိအား မကောင်းကြံမည့်သူများလည်း မတတ်နိုင်ပါ။ ရန်အပေါင်းကင်းဝေးပီး ပျော်ရွှင်အောင်မြင်သောဘ၀တစ်ခု ကိုပိုင်ဆိုင်ရမည်ဖြစ်သည်။
နံပါတ်တစ် ကတော့ " အသေ၀နာ စ ဗာလာနံ" လူမိုက်ကို မပေါင်းရဘူးတဲ့။ ဆိုတော့ လူမိုက်ဆိုတဲ့ဟာကို ကွဲကွဲပြားပြားသိဖို့လည်း လိုလာပြန်ရော။ ဘယ်လိုလူကို လူမိုက်လဲ။ ဘယ်လိုပေတံမျိုးနဲ့ တိုင်းတာမှာလဲ။
သိဖို့ လိုလာပြန်ရော။
နံပါတ်နှစ်က "ပဏ္ဍိတာနဉ္စ သေ၀နာ" ပညာရှိနဲ့ ပေါင်း။ ဒီမှာတစ်ခါ ဘယ်လိုပညာရှိမျိုးလည်း သိချင်လာပြန်ရော။
နံပါတ်သုံးက "ပူဇာ စ ပူဇနေယျာနံ" ပူဇော်ထိုက်သူကို ပူဇော်ပါ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ပူဇော်ရမှာလည်း?
နံပါတ်လေး "ပတိရူပဒေသ၀ါသော စ" သင့်တင့်လျောက်ပတ်တဲ့ ဒေသမှာနေပါတဲ့။ ဘယ်လိုဒေသလဲ ဆိုတော့ ဥစ္စာစီးပွား သော်လည်းကောင်း၊ အတတ်ပညာတစ်ခုခုသော်လည်းကောင်း၊ ကောင်းမှုကုသိုလ်တစ်ခုခုသော်လည်းကောင်း ဒီသုံးခုထဲက တစ်ခုခု နေ့စဉ်ရတဲ့ ဒေသတွေကို ဆိုလိုတာပါ။
သင်တို့ရော... ဘယ်လိုဒေသမှာ နေကြပါသလဲ?
နံပါတ်ငါး "ပုဗ္ဗေ စ ကတပုညတာ" ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ဟာလည်း မင်္ဂလာတစ်ပါးပါပဲတဲ့။
နံပါတ်ခြောက် "အတ္တသမာပဏိဓိ စ" မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်ခြင်း။ ဘယ်လို ထိန်းသိမ်းဆောက်တည်ရင် ကောင်းမလဲ?
နံပါတ်ခုနစ် "ဗာဟုသစ္စဉ္စ သိပ္ပဉ္စ" ဗဟုသုတ အကြားအမြင်များခြင်း၊ စက်မှုလက်မှု စသောအတတ်ပညာများ တတ်မြောက်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဖြစ်သည်။
နံပါတ်ရှစ် "၀ိနယောစ သုသိက္ခိတော" လူကျင့်ဝတ်စည်းကမ်းများ လိုက်နာခြင်းသည် မင်္ဂလာတစ်ပါး ဆိုတော့ အင်း လူ့ကျင့်ဝတ်တွေဟာ နေရာဒေသ ကိုလိုက်ပြီး တစ်ချို့စည်းကမ်းယဉ်ကျေးမှုတွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်လေတော့ ဘယ်လိုဟာကို လိုက်နာရမလဲ?
နံပါတ်ကိုး "သုဘာသိတာ စ " ကောင်းသောစကားတို့ကိုပြောဆိုခြင်းသည် မင်္ဂလာ။
နံပါတ်တစ်ဆယ် "ပီယ ၀ါစာ" ချိုသာယဉ်ကျေးစွာ စကားပြောဆိုခြင်းသည် မင်္ဂလာ။
နံပါတ်တစ်ဆယ့်တစ် "မာတာပိတု ဥပဋ္ဌာနံ" မိဘနှစ်ပါးကို လုပ်ကျွေးခြင်းသည် မင်္ဂလာတဲ့။
နံပါတ်ဆယ့်နှစ် "ပုတ္တဒါရဿ သင်္ဂဟော" သားမယား ကိုပြုစုလုပ်ကျွေးခြင်းဟာလည်း မင်္ဂလာပါပဲ။
(ဒီမင်္ဂလာတော့ အားလုံးနီးပါးရှိကြမယ်ထင်ပါတယ်။ :P)
နံပါတ်ဆယ့်သုံး "အနာကုလာ စ ကမ္မန္တာ" မည်သူ့မျှ မထိခိုက်သော အလုပ်ဖြင့် အသက်မွေးခြင်း။ ဒီဟာလည်း နားလည်သလိုလိုနဲ့ သေသေချာချာသိဖို့ လိုပြန်ရော။
နံပါတ်ဆယ့်လေး "ဒါနဉ္စ " လှူဒါန်းပေးကမ်းခြင်းသည်မင်္ဂလာဖြစ်သည်။
နံပါတ်ဆယ့်ငါး "ဓမ္မစရိယာ စ" မြတ်သောတရားအကျင့်ကို ကျင့်ခြင်း။ ဘယ်လိုတရားမျိုးကို မြတ်တဲ့တရားလို့ ခေါ်မလဲ?
နံပါတ်ဆယ့်ခြောက် "ဉာတကာနဉ္စ သင်္ဂဟော" ဆွေမျိုး မိတ်ဆွေများကို ထောက်ပံ့ပေးကမ်းခြင်းသည်လည်း မင်္ဂလာတရားဖြစ်ပါတယ်။
နံပါတ်ဆယ့်ခုနစ် "အန၀ဇ္ဖာနိ ကမ္မာနိ" အကုသိုလ်ကင်းသော အသက်မွေးဝမ်းကြောင်းဖြင့် လုပ်ကိုင်ခြင်းသည်လည်း မင်္ဂလာတရားဖြစ်ပါတယ်။
နံပါတ်ဆယ့်ရှစ် "အာရတီ ပါပါ " မကောင်းမှုကို ဝေးဝေး ရှောင်နိုင်ခြင်း၊
နံပါတ်ဆယ့်ကိုး "၀ိရတီ ပါပါ" မကောင်းမှုကို မလုပ်ဖြစ်အောင် အထူးရှောင်နိုင်ခြင်း၊
နံပါတ်နှစ်ဆယ် "မဇ္ဖပါနာ စ သံယမော" မူးယစ်သေစာ(အရက်၊ဘီယာ၊၀ိုင်၊ narcotic drugs) သောက်စား သုံးစွဲခြင်းမှရှောင်ကြဉ်ခြင်း၊
နံပါတ်နှစ်ဆယ့်တစ် "အပ္ပမာဒေါ စ ဓမ္မေသု" ကုသိုလ်ကောင်းမှုများကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း တို့သည်လည်း မင်္ဂလာတရားများဖြစ်သည်။
နံပါတ်နှစ်ဆယ့်နှစ် "ဂါရဝေါ စ" ရိုသေထိုက်သူကို ရိုသေခြင်း၊ ဘယ်လိုပုဂ္ဂိုလ်များကို ရိုသေထိုက်တယ်လို့ ဆိုရမလဲ?
နံပါတ်နှစ်ဆယ့်သုံး "နိဝါတော စ" မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာဖြစ်သည်။
နံပါတ်နှစ်ဆယ့်လေး "သန္တုဋ္ဌိ စ " ကာမဂုဏ်အာရုံတို့၌ ရောင့်ရဲလွယ်ခြင်းသည်လည်း မင်္ဂလာ။
နံပါတ်နှစ်ဆယ့်ငါး "ကတညုတာ" သူတစ်ပါး၏ ကျေးဇူးကို သိတတ်ခြင်းသည်လည်း မင်္ဂလာ။
နံပါတ်နှစ်ဆယ့်ခြောက် "ကာလေန ဓမ္မဿဝနံ" အခါအခွင့်သင့်တိုင်း တရားနာခြင်း။ ဘယ်လိုတရားမျိုးကို နာရမလဲဆိုတာလည်း ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ တရားတွေက များတယ်လေ။ :)
နံပါတ်နှစ်ဆယ့်ခုနစ် "ခန္တီ စ" သည်းခံခြင်းသည် မင်္ဂလာဖြစ်သည်။ သတိပြု ကျင့်သုံးဖွယ်ပါပဲ။
နံပါတ်နှစ်ဆယ့်ရှစ် "သောဝစဿတာ" သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း သည်လည်းမင်္ဂလာတစ်ပါးပါ။
နံပါတ်နှစ်ဆယ့်ကိုး "သမဏာနဉ္စ ဒဿနံ" ရဟန်းသံဃာများကို ဖူးမြော်ရခြင်းသည်လည်းမင်္ဂလာတစ်ပါးပါ။
(ဘယ်လိုဘုန်းကြီး ကိုရင်ပဲ တွေ့တွေ့ သံဃာတော်ပါလားဆိုပီး ဦးတိုက်ရှိခိုးပါ။ အကျိုးများပါတယ်။ ကိုယ်ဦးတိုက်တာက ပုဂ္ဂိုလ်ကိုဦးတိုက်တာမဟုတ်ပဲ သံဃာတော်ဆိုပီး ရည်မှန်းဦးတိုက်တာ ဖြစ်တဲ့အတွက် အကျိုးများတယ်လို့ ပြောတာပါ။)
နံပါတ်သုံးဆယ် "ကာလေန ဓမ္မသာကစ္ဆာ" အခါအခွင့်သင့်တိုင်း တရားဆွေးနွေးမေးမြန်းခြင်း။ ဘယ်လိုတရားမျိုးကိုမေးမြန်းဆွေးနွေးရမလဲ?
နံပါတ်သုံးဆယ့်တစ် "တပေါ စ" ခြိုးခြံစွာကျင့်ခြင်းသည်လည်း မင်္ဂလာတစ်ပါး။
နံပါတ်သုံးဆယ့်နှစ် "ဗြဟ္မစရိယဉ္စ" မြတ်သောအကျင့်ကို ကျင့်ခြင်း။ ဘယ်လိုအကျင့်က မြတ်သလဲ?
နံပါတ် သုံးဆယ့်သုံး "အရိယသစ္စာန ဒဿနံ" အရိယာသစ္စာတရားကို သိမြင်ရခြင်းသည် မင်္ဂလာ။
ဘုရားဟောခဲ့တဲ့ သစ္စာတရား လေးပါးရှိပါတယ်။ (သမုဒ္ဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ)
အဲဒီ လေးပါးကို သိဖို့ မြင်ဖို့ ဆိုတာကျတော့ တော်တော်လေး ခက်ခဲပါတယ်။
နံပါတ် သုံးဆယ့်လေး "နိဗ္ဗာနသစ္ဆိကိရိယာ စ" နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည်လည်း မင်္ဂလာ။
ဒါလည်းပဲ ပိုပီး ခက်ခဲပါတယ်။
"ဖုဋ္ဌဿ လောကဓမ္မေဟိ" လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံပါက-
နံပါတ်သုံးဆယ့်ငါး "စိတ္တံ ယဿ နကမ္ပတိ"  စိတ်ဓာတ်ကြံခိုင်ခြင်းသည် မင်္ဂလာ၊
နံပါတ်သုံးဆယ့်ခြောက် "အသောကံ" စိုးရိမ်သောက မရှိခြင်းသည် မင်္ဂလာ၊
နံပါတ်သုံးဆယ့်ခုနစ် "၀ိရဇံ" ရာဂရမက်ကင်းခြင်းသည် မင်္ဂလာ၊
နံပါတ်သုံးဆယ့်ရှစ် "ခေမံ" ဘေးကင်းခြင်းသည် မင်္ဂလာ၊
ဆိုပြီး မင်္ဂလာတရားအစစ်အမှန်များကို မြတ်စွာဘုရားက ဟောကြားထားခဲ့ရာမှာ မိမိသန္တာန်မှာ အဆိုပါ တရားဘယ်နှစ်ခု ကိန်းနေပါသနည်း။
များများ ကိန်းသူများ လက်ရှိဘ၀ ရော နောင်ဘ၀ပါ စိတ်အေးရမည်။  လက်ရှိ ဘ၀အဆင်မပြေ သူများ ကြိုးစားဖြည့်တင်းက အစစအရာရာ အဆင်ပြေ တိုးတက်လာမည်ဖြစ်သည်။ အားလုံးပြည့်ရန်ကား လူအဖြစ်နှင့် မလွယ်ကူချေ။ တတ်နိုင်သမျှ များနိုင်သမျှ များများ ဖြည့်ကျင့်ရမည်သာဖြစ်ပေသည်။
Saturday, November 14, 2009
သတ်သတ်လွတ်
 အကိုကြီးတစ်ယောက်က သူဝန်ထမ်းဘ၀တုန်းက ကြားဖူးတဲ့ ဟာသလေး တစ်ခုကိုပြောပြပါတယ်။ မှတ်သားစရာလေးမို့ ပြန်မျှဝေပါတယ်။ ဒါက မြန်မာပြည်တနေရာရာမှာ တကယ်ကို ဖြစ်ပျက်ခဲ့တာပါတဲ့။ သူကတော့ ဟိုရှေးတုန်းကလို့ ဆိုပြီးပြောပါတယ်။
အရာရှိကြီး တစ်ဦးဟာ သူ့ဒေသအတွင်းကို ငါးရက်ခန့် လှည့်လည် စစ်ဆေးပါသတဲ့။ နောက်လိုက်နောက်ပါ အစုံအလင်နဲ့ပေါ့ဗျာ။ အရာရှိကြီးဆိုတာ တောရွာအဖို့ လေးငါးနှစ်မှ တစ်ခါမြင်ကြရတာပေါ့။ ဒါကြောင့် ရွာသူကြီးကဆို အလွန်ကြောက်တော့ လိုလေသေးမရှိ ပြုစုချက်ပြုတ်ကျွေးမွေးတာပေါ့။ အဲဒီအရာရှိကြီးနေဖို့ ဗိုလ်တဲ ဆိုပြီးလည်း ဆောက်ထားရသေးသတဲ့။
အဲ သူကို ဒီနေ့ ဘာဟင်းနဲ့ ဧည့်ခံရမလဲဆိုတာကို သူ့ရဲ့ တပည့်ကို မေးပြီး ချက်ပြုတ် ကျွေးမွေးကြရပါတယ်တဲ့။ အဲဒါနဲ့ သူကြီးက တပည့်ကို ဒီနေ့ ဘာချက်ရမလဲလို့ မေးတယ်တဲ့ ။ သူ့တပည့်ကလည်း သူ့ဆရာကို ဗိုလ်တဲ့အောက်ကနေပီး -
"ဆရာ ဒီနေ့ ဘာနဲ့စားမလဲ" လို့ မေးတယ်တဲ့။
"မင်းတို့ကလည်းကွာ ကြည့်ကြက်လုပ်လိုက်"
လို့ ပြောတယ်တဲ့။ ဒါနဲ့ တပည့်က
"သူကြီးရေ ဒီနေ့ ကြက်သားဟင်းချက်" လို့ ပြောတယ်။ သူကြီးလည်း အပြေးအလွှားသွားပီး ချက်ဖို့ ပြုတ်ဖို့ စီစဉ်တာပေါ့။
နောက်တစ်နေ့ကျပြန်တော အဲလိုပဲ သူကြီးကမေးပြန်တော့ သူ့တပည့်က သူ့ဆရာကို မေးပြန်တယ်တဲ့။
"ဘာဘဲ ချက်ချက် စားမယ်"
လို့ ပြန်ဖြေတယ်တဲ့။ သူကြီးကတော့ တော်သေးတယ် ဘာဘဲချက်ချက်ဆိုတော့ လို့တွေးပြီး ပျော်တာပေါ့။ ဒီတော့ သူ့တပည့်က
"သူကြီးရေ ဒီနေ့ ဘဲသားဟင်းချက် "
လို့ ပြောတယ်တဲ့။ သူကြီးကလည်း သူ့တပည့်ကို အံ့အားသင့်စွာကြည့်ပီး မေးငေါ့ပီး မေးတာပေါ့။ ဗိုလ်တဲ့အောက်ဆိုတော့ အရာရှိကြီးက အပေါ်မှာရှိနေတာကိုး။ တပည့်က
"သူကြီးရာ တုံးပ ဘာဘဲ ချက်ချက်လို့ ပြောတဲ့ဟာ ဒီလောက်ရှင်းနေတဲ့ဟာ ၊ ကျုပ်ပြောတာသာချက်ကျွေး ခင်ဗျားတို့ကို အပြစ်မဖြစ်စေရဘူး"
ဆိုပြီး တိုးတိုးပြောတယ်။
တတိယနေ့ကျပြန်တော့ ထုံးစံအတိုင်း မေးကြပြန်တော့
"ငါက တို့ကနန်း ဆိတ် ကနန်း စားတာပါကွာ ချက်ချင်တာချက် "
လို့ဆိုလို့ တပည့်က
"သူကြီးရေ ဆိတ်သားဟင်းသာ ချက်လိုက်ဗျာ"
လို့ ပြောတယ်တဲ့။ သူကြီးလည်း အင်း ဒီဆရာတပည့် တော်တော်လည်း တတ်နိုင်ကြတယ် ဆိုပြီး ခေါင်းလေးညိတ်ပြန်လာခဲ့တာပေါ့။
စတုတ္ထရက်ကျပြန်တော့လည်း
"တစ်ခါတလေ ၀ယ်ဝက်ချက်စားကြ "
လို့ ပြောလို့ တပည့်က
"သူကြီးရေ  ဒီနေ့ ၀က်သားဟာ ချက်ဗျ"
လို့ ပြောလိုက်ပြန်တယ်။ သူကြီးလည်း မချိပြုံးလေးနဲ့ နှုတ်ဆက်ပြီး ညစာချက်ဖို့ ပြန်လာခဲ့ပြန်တယ်။
နောက်ဆုံးနေ့ကျတော့ သူကြီးလည်း တထိတ်ထိတ် ဒီနေ့ ဘာချက်ခိုင်းမလဲမသိဘူး ဆိုပြီး တွေးရင်းနဲ့ ပဲ သူ့တပည့်ကို သွားမေးပြန်တာပေါ့။ တပည့်လည်းထုံးစံအတိုင်း သူ့ဆရာကိုမေးတဲ့အခါ ဆရာက -
"အသားတွေချည်းစားနေတာ ဒီနေ့တော့ သတ်သတ်လွတ်စားမယ်"
လို့ပြောလိုက်တယ်တဲ့။ ဒီတော့ သူကြီးက အင်းဒီနေ့ စကားကတော့ အသားဟင်းနာမည်တစ်လုံးမှ မပါဘူး ဒီကောင် ငါ့ကို ဘာတွေ ပညာပြချက်ခိုင်းမလဲမသိဘူး ဆိုပြီး တပည့်ကို စိုက်ကြည့်နေတယ်တဲ့။
တပည့်လည်း ခေါင်းလေးကုတ်ပြီး သူကြီးကို ပြုံးပြုံးလေး စပ်ဖြဲဖြဲလုပ်နေတယ်တဲ့။
သူကြီးကလည်း ဒီတစ်ခါ ငါ့အတွေးမှန်သွားပီ ဒီကောင် စကားအထ ကောက်လို့မရတော့ဘူး  ဆိုတဲ့အတွေးနဲ့ တပည့်ကိုအားရပါးရ ပြုံးပြုံးကြီး ပြန်ကြည့်ရောတဲ့။ သူကြီးပြုံးမှ တပည့်ကလည်း အနားတိုးလာပြီး-
"သူကြီးလည်း တော်တော် နပ်တာပဲနော၊ ဒါကြောင့် သူကြီးဖြစ်နေတာ" လို့ပြောတယ်တဲ့။ သူကြီးလည်း အူကြောင်ကြောင်ဖြစ်သွားပီး-
"ဘာနပ်ရမှာလည်းဗျာ လူကြီးက သတ်သတ်လွတ် ချက်ခိုင်းတာ ကျုပ်လည်း ကြားတာပဲ၊ ခင်ဗျားက ဘာအဆန်းထွင်ချက်ခိုင်းအုံးမလို့လဲ၊ ဒီဒေသမှာ အသီးအရွက်တွေတပုံကြီး ၊ လျှာလည်အောင်ချက်ကျွေးလိုက်မယ်လို့ " ခပ်တည်တည်ပြန်ပြောတယ်တဲ့။
ဒီတော့မှ တပည့်ဖြစ်သူက -
"အာ....... သူကြီးကလည်း သတ်သတ်လွတ်ဆို အဲဒါပြောတာမဟုတ်ဘူးဗျ"
"+××××+×××-×××"
လို့ တိုးတိုးအနားကပ်ပြောလိုက်တော့မှာ သူကြီးလည်း မျက်နှာညှိုးသွားပီး၊
ကျုပ်တို့ရွာမှာ အဲဒီ သတ်သတ်လွတ်မရှိဘူးဗျာ၊ စိတ်ညစ်ပါတယ် ၊ အရာရှိကြီးကို ပြောပေးပါအုံးလို့ တောင်းပန်တယ်တဲ့။ တပည့်ကလည်း ကျုပ်လည်း မပြောရဲဘူး ကျွေးတာ မကျွေးတာ ခင်ဗျားအပိုင်း ဆိုပြီး အနားက ထွက်သွားတယ်တဲ့။
နောက်ဆုံး ကြံရာ မရတဲ့ သူကြီးမင်းတစ်ယောက် မြို့ကို လှည်းကျော့ ဒုန်းစိုင်းမောင်းပီး ကာရာအိုကေအနှိပ်ခန်းဆိုင်က သတ်သတ်လွတ် ကောင်မလေးတစ်ယောက် ခေါ်လာခဲ့ရ ပါကြောင်း ...။ :P
Tuesday, November 10, 2009
To live is to risk dying
အသက်ရှင်နေရတာ တော်တော်အန္တရာယ်များတယ်။ အချိန်မရွေး သေသွားနိုင်တယ် ။ လမ်းသွားတိုင်း သတိထားနေရတယ်။ ကားတိုက်မှာ ဆိုင်ကယ်တိုက်မှာ ကြောက်နေရတယ်။ ကားတွေကလည်း အရမ်း မောင်းကြတယ်။
စားတော့လည်း သတိထားနေရတယ်။ မတည့် တာစားမိမှာကြောက်နေရတယ်။  မတည့်တာတွေကလည်း ကြာလေများလေ ဖြစ်လာနေတယ်။ သွေးတိုးနဲ့ မတည့်လို့ရှောင်ရ၊ ဆီးချိုနဲ့ မတည့်လို့ ရှောင်ရနဲ့ ဆီးချိုသမား ဆိုရင် ထမင်းတောင် များများ မစားရပါဘူး။ ကိုယ်စားနေတဲ့ ထမင်းတောင် သေစေနိုင်တယ်ဆိုတော့ အင်း ... စားရတဲ့ကိစ္စက အန္တရာယ်တော်တော်များသား။ စွန့်စွန့်စားစား စားလိုက်ရတယ်။
သေရမှာကို ကြောက်သလားမေးရင် အရင်တုန်းကလောက်တော့ မကြောက်တော့ဘူး။ ဒါပေမယ့် အခုမှ ဘ၀ရဲ့ တန်ဖိုးကို သိလာလို့ နေရတာ အဓိပ္ပါယ်ရှိလိုက်တာလို့ ခံစားရတယ်။ အခုအချိန်မှာ သေရမယ်ဆိုရင် နည်းနည်းစောသေးတယ်။ အခုမှ နေတတ်ခါစရှိသေးတယ်။ နေပါရစေဦး။ အခုမှဘ၀ကို လွတ်လပ်တဲ့စိတ်နဲ့ နေတယ်ဆိုတာ ဘာကိုခေါ်သလဲဆိုတာ သိလာပြီး၊ အဲဒါလေးတွေ ပြောပြချင်သေးတယ်။ ဒါတွေကို မပြောရသေပဲနဲ့တော့ သေလို့ မဖြစ်သေးပါဘူး . . . နော် ။
ဒါပေမယ့် ဒါတွေက အကြောင်းပြချက်တွေပါ ။ တကယ်တော့ ဘ၀ကို တွယ်တာတဲ့စိတ်ဟာ ရဟန္တာဖြစ်မှ ကုန်တာပါ။ ' ဘ၀ရာဂ သံယောဇဉ် ' ဆိုတာ ရဟန္တာဖြစ်မှကုန်တာ။ အဲဒီတော့ ဘ၀ကို မတွယ်တာပါဘူးလို့ ပြောရင် ကြွားရာရောက်မယ်။ ရဟန္တာဖြစ်ပြီလို့ ပြောရာရောက်မယ် ။
တစ်ခါတလေတော့လည်း ဘ၀ကိုငြီးငွေ့တဲ့စိတ် ဖြစ်တယ်။ ဒါပေမယ့်အဲဒါခဏပါပဲ။ တစ်ခါတလေတော့ နေရတာ ပျော်တယ်။ ကိုယ်လုပ်ချင်တာတွေ လုပ်နေရရင်ပျော်တယ်။ အခုလို စားရေးနေရတာ ပျော်တယ်။ တရားထိုင်လို့ကောင်းနေရင် ပျော်တယ်။ တစ်ခါတလေတော့ ဘာလုပ်လုပ် မပျော်တော့ဘူး။ ဘာမှ မလုပ်ချင်တော့ဘူး။ ဘာမှမလုပ်ပဲနေရတာ ပျော်သလားဆိုတော့ အဲဒါက ပိုဆိုးတယ်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာ တော်တော်ဆိုးပါတယ်။ ငါတောင်ဒီလိုဖြစ်နေရင် သူများတွေဘယ်လို နေကြသလဲမသိဘူးလို့ တွေးမိတယ်။ များသောအားဖြင့်တော့ ကောင်းတာတွေလုပ်ပြီး ပျော်နေပါတယ်။
' ကိုယ့်ဘ၀ကိုကိုယ် တန်ဖိုးရှိရှိ နေခဲ့တဲ့သူဟာ သေရမှာ သိပ်မကြောက်ဘူး။ ' လို့ ပညာရှိများ ပြောကြတာ မှတ်သားရပါတယ်။ အဲဒါကြောင့်သေရမှာ မကြောက်အောင် အကောင်းဆုံး နေလိုက်မယ်။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံး အလုပ်တွေကို များများလုပ်မယ်။ သေခါနီးမှာ ' ငါလုပ်နိုင်ရက်နဲ့ အကောင်းဆုံးကို မလုပ်လိုက်ရဘူး ' ဆိုတဲ့ နောင်တတော့ မရချင်ဘူး။ အဲဒီ နောင်တမျိုး ရမှာ အကြောက်ဆုံးပဲ။
သေတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်ဘူး။
ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး အလုပ်တွေကို
မလုပ်လိုက်ရပဲ သေသွားရတာက
အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
သေရမှာက သေချာနေတဲ့ကိစ္စကြီးလေ။ ဘယ်လောက် အသက်ရှည်ရှည် နေရနေရ သေမှာပဲ။ အဲဒီတော့ သေတာက အကြီးမားဆုံး ဆုံးရှုံးမှု မဟုတ်သေးဘူး။ လုပ်နှိုင်ရက်နဲ့ ကောင်းတာတွေ မလုပ်လိုက်ရတာကမှ အကြီးမားဆုံး ဆုံးရှုံးမှုပဲ။
ဘယ်လိုနေသလဲ။
ဘယ်လို အသိအမြင်နဲ့ နေသလဲ။
ဘယ်လို စိတ်ထားနဲ့နေသလဲ။
ဘာတွေ သိရသလဲ။
ဘာတွေကို လုပ်သလဲ။
ဘယ်လောက်ပေးနိုင်သလဲ။
ဘာတွေ ပေးနိုင်သလဲ။
အဲဒီမေးခွန်းတွေက အရေးကြီးတယ်။ ဘယ်တော့သေမှာလဲ ဆိုတဲ့မေးခွန်းက အရေးမကြီးပါဘူး။
' အသက်ကိုဥာဏ်စောင့်တယ်။ '  ဆိုတဲ့စကားပုံရှိပါတယ်။ အဲဒီစကားကို ယုံပါတယ်။ ကံ တစ်ခုထဲကို ပုံပြီး မယုံဘူး။ 'ကံကိုယုံ၍ ဆူးပုံမနင်းရာ' ဆိုတဲ့စကားကြားဖူးတယ် မဟုတ်လား။
'ကောင်းတဲ့ အလုပ်တွေကို စိတ်အားထက်ထက်သန်သန်နဲ့ လုပ်နေရင် အသက်ရှည်တယ်။ ' လို့လည်း စိတ်ပညာရှင်များ သုတေသန ပြုချက်အရ သိရတယ်။ ဘုန်းကြီးက ကောင်းတဲ့အလုပ်တွေကို စိတ်ပါ လက်ပါလုပ်နေတယ်။ ဒကာ ဒကာမတွေလည်း ကောင်းတဲ့အလုပ်တွေကို စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်နေပါ။ ဘယ်တော့ သေမလဲဆိုတာကို မေ့ထားလိုက်ပါ။ 'သေမှာပဲ . . . သေမှာပဲ ...'​ ဆိုပြီး ဘာမှ မလုပ်ပဲ နေရင် အသက်မထွက်ခင် ဘ၀သေနေပြီ။ ဒါတွက်ခြေမကိုက်ဆုံးပါပဲ။ တွက်ခြေ အကိုက်ဆုံးက အခု ကိုယ်စိတ်ဝင်စားတာတွေကို စိတ်ပါ လက်ပါ လုပ်နေလိုက်။ အဲဒါ တွက်ခြေ အကိုက်ဆုံးပဲ။ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။
အသက်ရှင်နေရတာ စွန့်စားရတဲ့ အလုပ်ပါ။ စွန့်စွန့်စားစား လုပ်လိုက်ပါ။ ဘာမှမလုပ်ပဲနေလည်း သေရမဲ့ အတူတူတော့ လုပ်ချင်တာတွေ လုပ်ရင်းပဲ သေမယ်။
လွပ်လပ်သောစိတ်(ဦးဇောတိက) ထုတ်နှုတ်ဖေါ်ပြပါသည်။
....................................................................................................
မှတ်ချက်။         ။
ဘ၀ရာဂသံယောဇဉ် ဆိုသည်မှာ ဘ၀ကို ခုံမင်နှစ်သက်ခြင်းဖြစ်ပါသည်။ ယ္ခုဘ၀ ကိုလည်း တွယ်တာသည်။ နောက်ဘ၀အတွက်လည်း ပြင်ဆင်ကျိုးစားသည်။ ဘ၀တဏှာ ဟုလည်း ခေါ်သည်။
ထိုသူများသည် အကုသိုလ်ကိုရှောင်၍ ကုသိုလ်များသာ ပြုကြသည်။ ထို့ကြောင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် သို့သာ လားရောက်ကြသည်။ အဆိုပါ ဘ၀တဏှာ၊ ဘ၀ရာဂသံယောဇဉ် ကိလေသာ ကို သာမာန်လူမှစ၍ သောတာပန်၊ သကဒါဂမ် နှင့် အနာဂါမ် ပုဂ္ဂိုလ်အထိ မပါယ်သတ်နိုင်ပါ။
ရဟန္တာမှသာ ပါယ်သတ်နိုင်ပါသည်။ ထို့ကြောင့် ရဟန္တာကို ကိလေသာ ကုန်ခမ်းသူ ဟုခေါ်ခြင်းဖြစ်ပါသည်။
ရဟန္တာဖြစ်လျှင် ဘ၀ဆုံးသွားပီဖြစ်သည်။ နောက်ထပ် မည်သည့်ဘုံဘ၀မျှ မရတော့။ နောက်ထပ် ဘုံဘ၀ တွင် မဖြစ်ရသောကြောင့် ခန္ဓာ့ဝန်ထုပ်ဝန်ပိုးကိုလည်း မထမ်းရတော့ပေ။ ထို့ကြောင့် ထိုသူများကို အစစ် အမှန် လွတ်မြောက်သူဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။ ထိုသူများသာ လွတ်လပ်ရေးအစစ်ကို ရရှိသူများ ဖြစ်သည်။
Sunday, November 8, 2009
To Love Is To Risk
ချစ်တာဟာ စွန့်စားရတဲ့ အလုပ်ဖြစ်ပါတယ်။ ကိုယ့်ကို ပြန်ချစ်မလား? မချစ်ဘူးလား? ဆိုတာ မသေချာပဲနဲ့ ချစ်ရတာပါ။ မသေချာတာကို လုပ်တာဟာ risk ယူတာပဲ။
ချစ်တယ်ဆိုတာ မသေချာ မရေရာဆုံးကိစ္စ ဖြစ်ပါတယ်။ ကိုယ်က သူ့ကိုချစ်လို့ သူက ကိုယ့်ကိုပြန်ချစ်တယ်ပဲ ဆိုပါတော့၊ သူကလည်း ပြောင်းလဲသွားနေတဲ့သူ ကိုယ်ကလည်း ပြောင်းလဲသွားနေတဲ့သူ။
မနှစ်တုန်းက သူ့ကိုချစ်တယ် ဒီနှစ် ချစ်နေအုံးမယ် လို့ မပြောနိုင်တော့ဘူး။ တချို့ မချစ်တော့ပေမယ့် အားကိုးရလို့ ဆက်ပြီးပေါင်းနေတယ်။ ကိုယ့်အတွက်အသုံးဝင်လို့ ဆက်ပြီး ပေါင်းနေတယ်။ ကိုယ်လိုအပ်ချက် တွေကိုဖြည့်ဆည်းပေးနေလို့ ကျေးဇူးတော့တင်ပါတယ်၊ ဒါပေမယ့် တကယ်ချစ်တာတော့ မဟုတ်တော့ဘူး ။ ကျေးဇူးရှိလို့ အဖေါ်ရလို့ သံယောဇဉ်တွေရှိနေလို့ လူ့ကျင့်ဝတ်တွေရှိနေလို့ .. လို့ ... လို့ ...။
ကိုယ်အချစ်ဆုံးသူကြောင့်ပဲ စိတ်ဆင်းရဲမှု အများဆုံး ကြုံရပါတယ်။ ခွေးကလေး ကြောင်ကလေးတွေကို ချစ်ရတာတောင် သူတို့ သေတဲ့အခါ ဒါမှမဟုတ် ပျောက်သွားတဲ့အခါ စိတ်ဆင်းရဲရပါတယ်။
တစ်ခါတလေ သူတို့သေသွားရင် ကိုယ်က ပြုစုတာ လိုသွားလို့လားလို့ တွေးပြီး တစ်ဝဲလည်လည် စိတ်မကောင်းဖြစ်နေရတယ်။ နောက်ကို ဘယ်တော့မှ မမွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်မရပါဘူး။ မကြာခင် မွေးမိပြန်တယ်။ အခုတော့ ခွေးလေးတွေ ကြောင်လေးတွေက ကိုယ့်ကို သံယောဇဉ်ဖြစ်လာရင် တွယ်တာလာရင် နည်းနည်းကြောက်တယ်။ တစ်နေ့ သူတို့သေသွားမှာ အဲဒီအခါ စိတ်ဆင်းရဲရအုံးမယ်။
ချစ်မိတိုင်း စိတ်ဆင်းရဲရတယ်။ ကိုယ်ကချစ်သည်ဖြစ်စေ သူတို့ကချစ်သည်ဖြစ်စေ နည်းနည်း ကြောက်နေပြီ။ မချစ်ပဲလည်းမနေနိုင်ဘူး။ မချစ်ဘူး ဆိုပြီး နေပေမယ့် မရပါဘူး၊ နေ့တိုင်း တွေ့နေရတော့ တဖြည်းဖြည်းနဲ့ ချစ်မိသွားပြီ။ ချစ်တယ်ဆိုတာ လုပ်ယူလို့မရပါလား။
To Love Is To Risk.
 ချစ်မိပြန်ရင်လည်း ဖြစ်လာမယ့် ဒုက္ခကိုလက်ခံရတော့မယ်။ ဘယ်သူ့ကိုမှ မချစ်တော့ဘူးဆိုပြီး နေလို့လည်း မရဘူး။ ချစ်တတ်တဲ့ သဘာဝက ပါလာတော့ ချစ်လိုက်ပီလေ။ မချစ်နဲ့လို့ ပြောလို့မရဘူး။
မချစ်နဲ့ . . . မချစ်နဲ့ . . . ၊ ချစ်မိရင် စိတ်ဆင်းရဲရမယ်လို့ ပြောနေတဲ့ကြားက သူ့ဟာသူ ချစ်မိနေပြီ ။ ချစ်တာလည်း အနတ္တ ပါလား။ ကိုယ့်အလိုအတိုင်း မဖြစ်နိုင်ပါလား။ ချစ်ပါ ဆိုလို့လည်း မရ။ မချစ်ပါနဲ့ ဆိုလို့လည်း မရ။ တော်တော့ကို ဂွကျပါတယ်။
ဘယ်သားသ္မီးကမှ မွေးကတည်းက သူတို့ကို ချစ်ပါ လို့ မပြောပါဘူး။ ဒါပေမယ့်လည်း မိဘတိုင်း သည်းသည်းလှုပ် ချစ်ကြပါတယ်။ သူတို့ မမွေးခင် ဗိုက်ထဲရှိစဉ်ကတည်းက ယောင်္ကျားလေးလား မိန်းကလေးလား မသိခင်ကတည်းက ချစ်နေပါပီ။ ချစ်တာရဲ့ နောက်ဆက်တွဲ ကပ်ပါလာတာကတော့ စိုးရိမ်ပူပန်မှု ဒုက္ခပါပဲ။ မွေးလာရင် ကောင်းကောင်းမွေးပါ့မလား၊ ခြေလက်အင်္ဂါတွေ စုံပါ့မလား၊ ကျန်းမာရေးရော ကောင်းပါ့မလား စသည်ဖြင့် လားပေါင်းများစွာနဲ့ စိုးရိမ်ရပါတော့တယ်။ မွေးပြီးပြန်တော့လည်း သေးကချီးကစ ဂရုစိုက်ရပါတယ်။ မိခင်က ပိုဆိုးပါတယ်။ စားချင်တာ မစားရ ကလေးနေမကောင်းဖြစ်မှာစိုးလို့ စားတဲ့ အစားအစာတွေကို ရွေးပီးစားရပါတယ်။ ကလေးနဲ့ မတည့်ဘူး ဆိုရင် ကြိုက်လည်း မစားပဲ နေရ၊ တည့်တဲ့ အစားအသောက်ဆိုရင်လည်း မကြိုက်လည်း ကြိတ်မှိတ် စားရနဲ့  ချစ်ခြင်းရဲ့ ဒုက္ခကို ခံစားကြရပါတယ်။ ဒါပေမယ့် ဒီကလေးဟာ ကိုယ့်အပေါ် ပြန်ချစ်မယ် မချစ်မယ် ဆိုတာ မသေချာဘူးနော်....။ ဒါ risk လုပ်တာပါပဲ။ ဒီအဖြေကို ကိုယ်က အရွယ်လွန်အသက်ကြီးလို့ ကလေးပြန်ဖြစ်သွားပြီး သူတို့ လူကြီးဖြစ်တဲ့ အခါကျမှာသာ သိနိုင်တာပါ ။
နည်းနည်းကြီးလာတော့ ပညာတွေသင် ကျောင်းတွေထားနဲ့ ဒီကလေးအတွက် ကုန်ကျစားရိတ်ဟာ မိဘနှစ်ပါး အိုမင်းတဲ့အခါ  အလုပ်မလုပ်နိုင်တော့တဲ့အခါသုံးမယ့် စားရိတ်ထက် အများကြီး ပိုပါတယ်။ ဒါပေမယ့် မိဘနှစ်ပါးဟာ ဒီကလေး ကိုယ့်အပေါ် ပြန်ပီး ဂရုစိုက်မယ် မစိုက်မယ်ကို ထည့်မတွက်ပဲ မသေချာမရေရာတဲ့ ရင်းနှီးမြှုပ်နှံမှုကို စွန့်စားကြပါတယ်။ ဒါ မိဘတိုင်းလိုလိုပါပဲ။
ကိုယ့်မေတ္တာကို ပေးချင်တယ်၊ သူ့မေတ္တာကိုလည်း လိုချင်တယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘာဝပါ။ ပေးရတာလည်းကျေနပ်တယ်၊ ရတာလည်း ကျေနပ်တယ်။ ဒီတော့ ဘာလုပ်မလဲ စွန့်စားရတော့မှာပေါ့။
 Take The Risk.
လွတ်လပ်သောစိတ်(ဦးဇောတိက) မှ ထုတ်နှုတ်တင်ပြပါသည်။
QUEEN CLEOPATRA
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ရောမတိုင်းသည် ကမ္ဘာ့အနောက်ပိုင်းတွင် ကျော်စော၍ ရောမဘုရင်တို့သည် အင်ပါယာချဲ့လုပ်ငန်းကို အကြီးအကျယ် ဆောင်ရွက်နေကြလေသည်။ ခရစ်တော်မပေါ်မှီ သက္ကရာဇ်ခြောက်ဆယ်ကျော်လောက်တွင် ရောမစစ်ဘုရင်ကြီး 'ဂျူလိယက်ဆီဇာ' သည် မြေထဲပင်လယ် တိုင်းနိုင်ငံများကို လက်နက်နိုင်ငံပြုကာ ပြည်တွင်းရေး၌လည်း  ပြိုင်ဘက်ဖြစ်သော 'ပွန်ပီ' အားနှိမ်နှင်း၍ ကြီးမားကျယ်ပြန့်လှသည့် အင်ပါယာနိုင်ငံကြီးတွင် အာဏာရှင်ဖြစ်လာသည်။
ကမ္ဘာကြီးတစ်ခုလုံး ငါ့လက်အောက်ရောက်ရမည်ဟု တက်ကြွလျှက်ရှိသော ဆီဇာ သည် လက်နက်နိုင်ငံတစ်ခုဖြစ်သည့် အီဂျစ်ပြည်မြို့တော် 'အယ်လိတ်ဇင်းဒြား' သို့ရောက်လာလေသည်။ ထိုအချိန်က အီဂျစ်ပြည်တွင်းရေး ရှုပ်ထွေးနေသဖြင့် စစ်ဘုရင်ကြီးသည် မိမိ၏ အာဏာစက်အတွင်း၌ ယင်းသို့ရှုပ်ထွေးမှုမရှိစေရန် ကိုယ်တိုင် ရှင်းလင်းပေးမည်ဟူသော အကြံနှင့် ရောက်လာခြင်းဖြစ်သည်။
ှဆီဇာရောက်လာချိန်၌ ကလီယိုပက်တရာမှာ အရေးနိမ့်တောခိုနေရရှာသည်။ အီဂျစ်ဘုရင်ကြီး သြလိတိ သေလွန်ပြီးနောက် သားတော် တော်လမိနှင့် သမီးတော် ကလီယိုပက်တရာတို့ နန်းလုကြရာ သမီးတော်မှာ အရေးနိမ့်၍ တောအုံကနားသို့ ပြေးလွှားတိမ်းရှောင်နေရလေသည်။ သူ့မောင်တော် တော်လမိမှာ နှမတော်အား ဖယ်ရှားလိုက်ပြီးနောက် အီဂျစ်ပြည် ဘုရင်အဖြစ် ကျေနပ်စွာခံစားလျှက်ရှိနေသည်။
ထိုအချိန်တွင် ရောမစစ်ဘုရင်ကြီး ဂျူးလိယက်ဆီဇာ သည် အီဂျစ်ပြည်တွင်းရေးကို ရှင်းလင်းရန် ရောက်ရှိလာသည်။ ဆီဇာရောက်လာချိန်တွင် အီဂျစ်ပြည်သည် ဆောင်းဦးရာသီဖြစ်၍ မြောက်လေသွေးလျက် အေးချမ်းသာယာလှတော့သည်။ စစ်ဘုရင်ကြီးသည် နန်းတော် ဆင်ဝင်ပေါ်တွင် ထိုင်ကာနေ၀င်ချိန် မြို့တော်ရှုခင်းကို ရှုစားနေစဉ် ကိုယ်ရံတော်တစ်ယောက်သည် အူယားဖားယား ပြေ၀င်လာပြီးလျှင် စစ်ဘုရင်ကြီးအား တင်လျှောက်၏။
" အရှင် ... လဗင့်မြို့ကရောက်လာတဲ့ ကုန်သည်တစ်ဦးက အရှင့်အား ထူးဆန်း၍ ရှားပါးလှသည့် ပန်းတဉ်း ပန်းခက်များကို ပြလိုကြောင်း တောင်းပန်လာပါသည်ဘုရား "
" ဟဲ့ အဲဒီကုန်သည် ဘယ်မှာလဲ "
" နန်းတော်တံခါးဝမှာပါဘုရား၊ အစောင့်များက ၀င်ခွင့်မပြုလို့ စောင့်နေရပါတယ်ဘုရား
ဆီဇာသည် ဧကရာဇ်ဖြစ်သည့်အလျောက် အနုပညာကို အားပေးထောက်ပံ့မှုပြုရမည်ဟူသော အစွဲကို မဖျောက်နိုင်သူတစ်ဦး ဖြစ်လေရကား ထူဆန်း၍ ရတောင့်ရခဲဖြစ်သော အနုပညာပစ္စည်းများကို ကြည့်ရှုရန် အထူးလိုလားပေသည်။ ထိုပစ္စည်းများသည် အလှည့်အခွင့်သင့်ပါမူ သူ့ကြင်ယာတော် 'ကလပါနိယ' အားလက်ဆောင်အဖြစ် ပေးနိုင်ဖွယ်ရာများ ဖြစ်သည်။ ထို့ကြောင့် ဆီဇာသည် ကိုယ်ရံတော်အား ကုန်သည်ကို ၀င်ခွင့်ပေးလိုက်ရန် အမိန့်ပေးလေသည်။
အထုပ်ကြီးကို မနိုင့်တနိုင် ထမ်း၍၀င်လာသော ကုန်သည်ကြီးသည် အထုပ်ကို အသာတယချ၍ ဖြေလိုက်ရာ အထုပ်ထဲမှ ထူးခြားလှစွာသော ပန်းတဉ်း ပန်းခက်များအစား အလွန်းထူးခြား၍ စိတ်ဝင်စားဖွယ်ကောင်းလှသော ပစ္စည်းအဖိုးတန်တစ်ခု ထွက်ပေါ်လာသည်။ ထိုအဖိုးတန် ပစ္စည်းသည်ကား ဆံပင်ဖိုးရိုးဖားရားနှင့် ကျောင်းသူမကလေးသဖွယ် တဟီဟီရယ်မောလျှက် ဆီဇာရှေ့တွင် ရပ်လျှက်ရှိသော ကလီယိုပက်ထရာ ပင်ဖြစ်သည်။
အထုပ်ကိုသယ်ယူလာသော ကုန်သည်ဟန်ဆောင်သည့် လက်စွဲတော်ကြီးက ရောမစစ်ဘုရင်ကြီးအားပြုံး၍ " အရှင်မင်းကြီး ... အဖိုးအနဂ္ဃတန်သော အနုပညာပစ္စည်းဆိုသည်မှာ ဤသည်ပင် မဟုတ်ပါလော ..။" ဟုခန့်ညားစွာ လျှောက်ထားလိုက်လေသည်။
ကလီယိုပက်ထရာမှာ ယင်းသို့ ထူးထူးခြားခြား စွန့်စားပြုလုပ်တတ်ပေသည်။ ပညာတတ်၊ မာယာကြွယ်၊ ဖျတ်လတ်၍ အလှဂုဏ်တက်နေသူ ဖြစ်ရကား၊ သူ့အဖို့ လောကကြီးသည် ကျေးကျွန်အဖြစ် ပေါ်လာသည်ဟူသော မာနမျိုးမွေးမြူလေသည်။ သူသည် ကဗျာလည်း တတ်သည်။ ပန်းပဲ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းတဉ်း စသည့် အနုပညာများ၌လည် ၀င်ဆံ့တီးခေါက်မိသည်။ ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေးမှစ၍ လေးနက်သော ပညာရပ်များတွင်လည်း ဗဟုသုတရှိပေသည်။
ပညာစုံသည်နှင့်အမျှ အလှဂုဏ်တက်သည်။ အလှဂုဏ်တက်သည်နှင့်အမျှ မာယာကြွယ်သည်။ အဆုံးအစမရှိသော တန်ခိုးအာဏာရရှိမှုကို အထူးလိုလားလျှက်ရှိသောကြောင့် သူသည် ထိုနေ့ညနေက စစ်ဘုရင်ကြီးရှေ့သို့ ထူးခြားဥပါယ်တံမျဉ်ဖြင့် ၀င်၍မြှူဆွယ်လေသည်။
ဆီဇာသည် ထိုညတွင်ပင်လျှင် ကလီယိုပက်ထရာ၏ အချစ်သုံ့ပန်း အဖြစ်သို့ရောက်ရရှာသည်။ ထိုအချိန်က ဆီဇာသည် အသက်ငါးဆယ်သုံးနှစ် ခန့်ရှိပြီး ဇရာပိုင်းသို့ ရောက်နေသော်လည်း ငယ်ရွယ်နုနယ်သော အလှဘုရင်မနှင့် တွေ့သောအခါ ငယ်မူပြန်ကာ စိတ်အားသန်သော ချစ်သူတစ်ဦးဖြစ်သွား လေတော့သည်။
စစ်ဘုရင်ကြီးဆီဇာသည် အချစ်သုံ့ပန်းဖြစ်သွားသည့်အခါ အီဂျစ်ပြည်တွင်းရေးကို ရှင်းလင်းသည့်အနေနှင့် လက်ရှိဘုရင်တော်လမိကို နန်းချကာ ကလီယိုပက်ထရာကို နန်းတင်လိုက်လေသည်။
ကလီယိုပထရာသည် သူ့မောင်တော် တော်လမိအား ကွပ်မျက်စေ၍ အောင်ပွဲခံသည့်အနေဖြင့် မင်္ဂလာဖောင်တော်စီးကာ နိုင်းမြစ်ရိုးတလျောက် အေးချမ်းစွာ စည်းစိမ်ခံစားကြလေသည်။ ထို့နောက် ကလီယိုပက်ထရာသည် ဆီဇာအား သံယောဇဉ်ကြိုးဖြင့် ချည်နှောင်သည့်အနေနှင့် သားတော်တစ်ပါး ဖွားမြင်ပေးလိုက်သည်။
ထိုသို့ ချစ်သူနှစ်ဦး ကြည်နူးနေချိန်ဝယ် ရောမမြို့၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်။ ဆီဇာ အာဏာရှင်ဖြစ်မည်ကို မလိုလားသူများသည် ဆီဇာအား လုပ်ကြံရန် စည်းရုံးနေကြသည်။ ဆီဇာ၏ မိတ်ဆွေရင်းနှင့် လူယုံများသည်ပင်လျှင် ကလီယိုပက်ထရာ၏ မာယာပိုက်ကွန်အတွင်း သက်ဆင်းနေသော ဆီဇာကို မကျေနပ်ကြချေ။
နောက်ဆုံး၌ ဆီဇာသည် မလွှဲသာသည့်အလျောက် ကလီယိုပက်ထရာအား ခွဲခွါပြီး ရောမမြို့တော်သို့ ပြန်လာခဲ့ရသည်။ ရောက်ပြီး မကြာမီအတွင်း၌ပင် ဆီဇာသည် ကလီယို၏သံယောဇဉ်ကြောင့် မနေနိုင်တော့ပဲ အီဂျစ်ဘုရင်မအား ရောမမြို့တော်သို့ လာရောက်စံနေပါရန် ဖိတ်ကြားလွှာ ပို့လိုက်လေသည်။ ကလီယို ရောက်လာသော် တိုင်းဘာမြစ်ကိုကျော်ဖြတ်ဆောက်လုပ်ထားသော နန်းမဆောင်ကြီးတွင် စံနေစေသည်။ သူသည် ကလီယိုအား ရောမထုံးတမ်းအတိုင်း ထိမ်းမြားမင်္ဂလာပြု၍ ဘိတ်သိတ်ပွဲဆင်ယင် ကျင်းပပေးမည်ဟု ကတိပြု၏။ သူ့အဖို့ ဧကရာဇ်အဖြစ် တိုင်းပြည်က တင်မြှောက်ရန်သာ လိုတော့သဖြင့် ကလီယိုမှာ ကြာရှည်စွာ အနိမ့်စံရတော့မည်မဟုတ်ဟု ဆီဇာက နှစ်သိမ့်စေလေသည်။
ဆီဇာအား ဧကရာဇ်တစ်ဆူအဖြစ် ခံယူရန် အားပေးအားမြှောက်ပြုနေသူ ကလီယိုမှာ ဆီဇာ ဧကရာဇ်ဖြစ်လာလျှင် သူသည် ဧကရီမိဖုရားကြီးဖြစ်မည်။ နောင်မကြာမှီပင်လျှင် ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ရသော ဧကရီဘုရင်မကြီးဖြစ်နိုင်မည်ဟူသော အတွေးတို့ဖြင့် ပီတိဖြစ်နေလေသည်။
သက်ကျားအိုဆီဇာမှာ ကလီယို၏ စေခိုင်းရာသို့ မသွေမဖယ် ဆောင်ရွက်ပေးရှာသည်။ သူနှင့် ကလီယိုတို့အတွက် ဘုရားကျောင်းဆောင်များ တည်ဆောက်စေပြီး ဘုရားတစ်ဆူအသွင် ကိုးကွယ်ကြရန် အမိန့်ပေးလေသည်။
ထိုသို့ မဖွယ်မရာဖြစ်နေသော သက်ကျားအိုအာဏာရှင်နှင့် အလှဘုရင်မကလီယိုတို့အား ရောမပညာရှိများနှင့် အထက်ပိုင်း စစ်သူကြီးများက အထူးပင် မုန်းတီး စစ်ဆုပ်ကြကုန်၏။ ထိုသို့ မုန်းတီးခြင်းက ဆီဇာအား ပျက်စီးရာလမ်းသို့ အဆောတလျင် ပို့ဆောင်လျှက်ရှိပေသည်။
ဆီဇာ၏ အာဏာအလွဲသုံးစားမှုကြောင့် တိုင်းပြည်လူထုမှာ အထင်မှားကာ သူ့အား ဧကရာဇ်အဖြစ် သရဖူဆောင်း၍ ဘိတ်သိက်ခံယူစေခွင့် ပြုသည့် အခြေသို့ဆိုက်ရောက်သွားပေတော့သည်။ မတ်လ ၁၅ ရက်နေ့ ဘုရားပွဲတော်ကြီးကျင်းပရာဝယ် ဧကရာဇ်မင်းအဖြစ် ဘိတ်သိက်သွန်းလောင်းရန် စီစဉ်ထားကြလေသည်။
ကလီယိုသည် ဆီဇာ ဧကရာဇ်ဖြစ်မည့်အရေးကို တွေးကာ စောင့်မျှော်စိတ်တက်ကြွနေသည်။ ထိုရက်တွင် အထက်လွှတ်တော်သို့ ကြွမြန်းသွားသော ဆီဇာထံမှ သတင်းကောင်းကို စောင့်မျှော်နေလေသည်။ ညနေစောင်းတွင် သူစောင့်မျှော်နေသော သတင်းအစား အာဏာရှင်ဆီဇာအား ဧကရာဇ်သရဖူ အစား နှစ်ဆယ့်သုံးချက်သောဓားဒဏ်ရာတို့ဖြင့် တမလွန်သို့ ရောက်ရှိသွားပြီ ဆိုသော သတင်းသာရောက်ရှိလာသည်။
အကြံပျက်၍ အခြေမလှသော ကလီယိုသည် ကပျာကယာနှင့်ပင် အီဂျစ်ပြည်သို့ ကြွမြန်းရရှာတော့သည်။
အကြံပျက်သော်လည်း လက်မလျှော့သော ကလီယိုသည် ဆီဇာကွယ်လွန်သည်နှင့် နောက်တက်လာသောဗိုလ်ဖြစ်သည့် မာခ်အန်ထော်နီ အား ဖမ်းရန် ကြိုးပမ်းပြန်တော့သည်။ အန်ထောနီမှာ ဆီဇာကဲ့သို့ မဟုတ်ပဲ ငယ်ရွယ်သန်မာသူဖြစ်သည်။ ဧကရီမိဖုရားဖြစ်၍ ဘိသိက်အသွန်းခံရပါမူ မည်သူနှင့် ယှဉ်တွဲ၍ အသွန်းခံရသည်ဖြစ်စေ ကျေနပ်ဖွယ်သာဖြစ်သည်ဟူသော ခံယူချက်ရှိသူ ကလီယိုသည် အန်ထော်နီကို အချစ်သုံ့ပန်းဖြစ်စေပြန်တော့သည်။
အန်ထော်နီသည် ဆီဇာ၏တူတော် အောက်တေဗျ နှင့် လက်ပိဒတို့နှင့်တွဲဖက်၍ ရောမတိုင်းနိုင်ငံကို အာဏာရှင်သုံးဦးအဖြစ် စိုးမိုးအုပ်ချုပ်လေသည်။ ဆီဇာအား လုပ်ကြံပြီးနောက် ရောမတိုင်းတွင် ပြည်တွင်းစစ်ကြီးဖြစ်လေရာ လုပ်ကြံသူများသည် နောက်ဆုံး အရေးနိမ့်၍ ဤသုံးဦးမှာ အာဏာရကြလေတော့သည်။
အန်ထောနီသည် သေနာပတိဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် အရှေ့တိုင်းလက်နက်နိုင်ငံများသို့ သွားရောက်ကြည့်ရှုရသည်။ ထိုသို့ နိုင်ငံလှည့်ခိုက် ကလီယို၏ မြှုံးအတွင်းသို့ ကျရောက်လေတော့သည်။ အန်ထော်နီသည် အာဏာပိုင်တစ်ဦးအနေဖြင့် အီဂျစ်ပြည်သို့ ရောက်လျှင်ပင် ဘုရင်မ ကလီယိုအား ဆင့်ခေါ်လိုက်လေသည်။ ကလီယိုက "တွေ့ချင်လျှင်၊ ကျွန်မထံသို့ ကြွခဲ့ပါ " ဟုဖိတ်ခေါ်လိုက်သည်။ အန်ထော်နီလည်း ဘုရင်မ၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ နန်းတော်သို့သွားလေရာ ချက်ချင်းပင် နတ်ဘုံနတ်နန်းသို့ ရောက်သွာသည်ဟု ထင်ယောင်မိတော့သည်။ သာယာငြိမ့်ညောင်းသော တေးသံများကြားတွင် သိမ်မွေ့စွာ သွားလာ၍ အသုံးတော်ခံနေသည့် နတ်မိမယ်ကလေးများကို မြင်တွေ့ရသော စစ်သားလူကြမ်းကြီးသည် ကလီယိုအား အာဏာသံပြင်းပြင်းနှင့် လက်အောက်ခံဘုရင်ကို ကြိမ်းမောင်းမည့် လေသံများပျောက်ကာ ကလီယို၏ ရင်ခွင်တွင်းသို့ သက်ဆင်းရရှာလေတော့သည်။
အန်ထော်နီအားအောင်နိုင်ပြီးနောက် သုံးဦးစပ် အာဏာပိုင်မှုကို မလိုလားပဲ အန်ထော်နီက ကျန်အာဏာပိုင်နှစ်ဦးကို တွန်းထုတ်သုတ်သင်ရန် တိုက်တွန်းတော့သည်။ ကျန်နှစ်ဦးအနက် လက်ပိဒမှာ မမှုလောက်သော်လည်း ဆီဇာ၏တူတော်သူ အောက်တေဗျ မှာ အတော်အရေးကြီးသူ ဖြစ်လေသည်။ ထိုသို့ စီစဉ်နေစဉ်တွင် အောက်တေဗျက အန်ထော်နီသည် အီဂျစ်မာယာသည်အား ရောမပြည်ကြီးကိုရောင်းစားနေသည်ဟူသော စွပ်စွဲချက်ဖြင့် ရောမလွှတ်တော်၏ခွင့်ပြုချက်ရယူကာ အီဂျစ်ပြည်ရှိ အန်ထော်နီအားတိုက်ရန် ရေတပ်နှင့် ကိုယ်တိုင်ချီတက်လေတော့သည်။
အန်ထောနီသည် အောက်တေဗျကို အထင်သေးသည့်အလျှောက် ပဏာမ အောင်ပွဲပင်ခံကာ အီဂျစ်ရေတပ်နှင့် ခံတိုက်ရန်စောင့်နေသည်။ တကယ်တန်းတိုက်ကြသောအခါ အီဂျစ်ရေတပ်ရှုံးနိမ့်ကာ အန်ထော်နီကိုယ်တိုင် သုံ့ပန်းဖြစ်ရရှာလေသည်။
အန်ထောနီ၏ကံဇာတာကုန်ခမ်းသော်လည်း မိမိ၏ကံဇာတာမကုန်နိုင်သေးဟု အထင်ကြီးရှာသော ကလီယိုသည် အောက်တေဗျအား ချစ်သုံ့ပန်း အဖြစ်ဖမ်းယူရန် အစဉ်အလာအတိုင်း ကြိုးစားပြန်သည်။ သို့သော် အောက်တေဗျသည် သူ၏ကာမပိုက်ကွန်အတွင်း မကျရောက်တော့ပေ။ သူ့အား ရောမမြို့သို့ ခေါ်သွားရန်ကား သဘောတူ၏။ သို့သော် ဘုရင်မတစ်ပါးအနေနှင့် မဟုတ်ပဲ ကျေးကျွန်သုံ့ပန်းအဖြစ်သာ ခေါ်သွားတော့သည်။
နောက်ဆုံးတွင် ကလီယိုသည် အောက်တေဗျကဲ့သို့ မြွေဟောက်နှင့်တူသူ၏ လက်တွင်းသို့ ကျရောက်ရမည့်အစား သူကိုယ့်သူ မြွှေဟောက် အပေါက်သတ်ခံကာ အဆုံးစီရင်လိုက်လေသည်။
 မြွေဟောက်နှင့်တူသော အလှဘုရင်မသည် မြွေဟောက်နှင့်ပင် ဘ၀အဆုံးသတ်သွားရသည်။
တက်တိုး၏ ကမ္ဘာ့ဆိုးပေကြီးများ မှ တင်ပြပါသည်။